ဟန်နွေ/People’s Spring
၂၀၂၁ စစ်တပ်အာဏာသိမ်းမှုအပေါ် ပြည်သူများက အင်နှင့်အားနှင့် ကြီးမားစွာဆန့်ကျင်ခဲ့မှု ကြောင့် စစ်ကောင်စီတပ်စခန်းအများအပြားကိုအချိန်တိုအတွင်း သိမ်းပိုက်နိုင်ခဲ့သည့် အပြောင်းအလဲဖြစ်ပေးခဲ့ကြောင်း ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၂) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဩဂုတ်စတီးက ပြောကြားသည်။
စစ်တောင်းဒေသရှိ စစ်ကောင်စီတပ်စခန်းအားလုံးသိမ်းပိုက်နိုင်ရေး ရည်ရွယ်လုပ်ဆောင်သည့် ရန်ပုံငွေ ရှာဖွေမှု စစ်တောင်းကမ်ပိန်း စကားဝိုင်းကို မတ်လ ၁ရက်က ပြုလုပ်ခဲ့ရာ တပ်မဟာ(၂) တပ်မဟာမှူးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
စစ်တောင်းဒေသည် ကရင်အမျိုးသား အစည်းအရုံး(KNU) တောင်ငူခရိုင် တပ်မဟာ (၂)နယ်မြေ၌ တည်ရှိပြီး စစ်ရေးအရအရေးပါသည့် ဒေသဖြစ်ကာ စစ်တပ်အာဏာသိမ်းကြီးနောက် တော်လှန်မှုအားကောင်းသည့် ဒေသဖြစ်သည်။

Public Service Announcement
နှစ်ပေါင်း ၇၀ကျော် ဖြတ်သန်းခဲ့သည့် တော်လှန်ရေး အတွေ့အကြုံအရ ရန်သူ့စခန်းမြောက်များစွာကို အချိန်တိုအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့်မှာ သမိုင်း၌ လက်ရှိ အချိန်သာ ရှိသည်ဟုတွေ့ရ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဩဂုတ်စတီးက ပြောသည်။
” လူထုတွေရဲ့ နှစ်ပေါင်းများစွာ မကျေနပ်မှုက ၂၀၂၁ ကျမှပဲ အားနဲ့အင်နဲ့ ဖြစ်ပြီးတော့ ကြီးကြီးမားမား ဒီအာဏာရှင်စနစ်ကို ဆန့်ကျင့်တဲ့ အနေအထားကြောင့် ဒီအပြောင်းအလဲတွေက လက်ရှိမှာ ပြောင်းလဲခြင်းဖြစ်တယ်လို့ အဲဒီလိုပဲ ယူဆမိတယ်” ဟု တပ်မဟာမှူးက ပြောသည်။
စစ်တောင်းမြစ်သည် စစ်ရေးအရများစွာ အရေးကြီး၍ ၁၉၈၃ ကပဲခူးရိုးမကိုအခြေစိုက်ရန် KNU ဘက်က ကြိုးစားခဲ့သော်လည်း ရန်သူ့အင်အားက ယခုထက်ပိုအားကောင်းခဲ့၍ အောင်မြင်မှု မရခဲ့ကြောင်း ပြောပြသည်။
“ ဒါပေမဲ့ ဒီတချီတော့ ကျနော်တို့ သိရသလောက်က အလယ်ပိုင်းဖြစ်တဲ့ NUG လက်အောက်ခံ PDF တွေဟာ ဒီနှစ်နှစ်အတွင်း ၂၀၂၂ အကုန်ကနေ ၂၀၂၃ အဆန်းဆိုရင် စစ်တောင်းမြစ်တဝှမ်းမကဘူး စစ်တောင်းမြစ်အနောက်ခြမ်းတောင်မှ သူတို့ တော်တော်များများလေး တိုးဖောက်ဝင်ရောက် စစ်ရေး ဖော်ဆောင်နိုင်မှုတွေ အများကြီးလုပ်နိုင်ခဲ့တာ ကျနော်တို့ သိရတယ်။ ဒါကြောင့် မို့လို့ ဒီထက်အင်တွေအားတွေ ပိုရှိလာမယ်ဆိုရင် ဒီထက်မက ကျနော်တို့ လုပ်ဆောင်နိုင်မယ်ဆိုရင် မြန်မာပြည်ရဲ့ အထက်ပိုင်းနဲ့ အောက်ပိုင်းကိုကျနော်တို့ ဖြတ်တောက်ခြင်းအားဖြင့် ရန်သူတွေရဲ့ စီးပွားရေး ကုန်သွယ်ရေး အမျိုးမျိုးကို ကျနော်တို့ ဖြတ်တောက်နိုင်မှာဖြစ်တယ်” ဟု တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဩဂုတ်စတီးက ပြောသည်။
ထို့ပြင် ရန်သူ၏ ထောက်ပို့လမ်းကြောင်း ကို ဖြတ်တောက်နိုင်မည်ဟုလည်း ၎င်းက ပြောပြသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားတော်လှန်ရေးတပ်များ၊ PDFများ က စစ်ကောင်စီတပ်စခန်းများစွာ၊ မြို့များကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ရာ KNU ပူးပေါင်းတပ်များအနေဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်စခန်း ၁၅၀ကျော်နှင့် မြို့အချို့ကိုသိမ်းထားနိုင်ခဲ့သည်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် တပ်သားသစ်စုဆောင်းရေးနှင့် စိစစ်ရေးဌာန ဌာနမှူး မေကလည်း စကားဝိုင်း၌ ပါဝင်ဆွေးနွေးခဲ့ရာ ယခင်ကတည်းက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များက နိုင်ငံရေး စစ်ရေးအားကောင်းကောင်း ရှိထားပြီး အခြေအနေတွင် ၂၀၂၁ အာဏာသိမ်းမှု ဖြစ်စဉ်ပြီးနောက် အစုအဖွဲ့များစွာ ပေါ်ပေါက်လာခဲ့ဟု ပြောသည်။
“နွေဦးတော်လှန်ရေးလို့ ခေါင်းစဉ်တပ်ထားတဲ့ နောက်ပိုင်းကာလမှာ နိုင်ငံရေးအစုအဖွဲ့တွေများစွာ ပေါ်ပေါက်လာတယ် စစ်ရေးအစုအဖွဲ့တွေ များစွာ ပေါ်ပေါက်လာတယ်။ ဆိုတော့ ဒီကာလ လေးနှစ်ကျော်လာတဲ့အခါမှာ ပိုမိုပြီးတော့ စစ်မှန်ပြီးတော့ ခိုင်ခိုင်မာမာ ကျန်ခဲ့နိုင်ခဲ့သူတွေပဲ ကျန်ခဲ့လိုက်တော့တဲ့ အခြေအနေပေါ့”ဟု ဌာနမှူး မေက ပြောသည်။
အဖွဲ့အစည်းများ၏ ခိုင်မာမှုယုံကြည်မှု စနစ်တကျ ဖွဲ့စည်းထားမှု တစ်ဦးပေါ် တစ်ဦး လေးလေးစားစား ဆက်ဆံမှုများသည် တော်လှန်ရေး၌ ရေရှည် ဆက်လက်ရပ်တည်နိုင်မည့် အဓိက အချက်များဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
ဗမာအင်အားစုများအနေဖြင့်လည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ နိုင်ငံရေးကို လေ့လာခွင့်ရရှိ နားလည်ခဲ့သည့် အခြေအနေမျိုး ဖြစ်လာကြောင်းလည်း ဌာနမှူး မေက ပြောသည်။
“တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့နိုင်ငံရေးကို သေသေချာချာ လေ့လာခွင့်မရှိတဲ့သူတွေ တဖက်မှာ ရှိနေတဲ့ နိုင်ငံရေးအခင်းအကျဉ်းကိုပဲ မြင်ရတဲ့သူတွေအခုအချိန်မှာ နှစ်ဖက်ရဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ နှစ်ဖက်ရဲ့ စစ်ရေးအခင်းအကျင်းကို တပြိုင်တည်းမှာ မြင်နေရတယ်လို့ ယူဆပါတယ်။ ဒါဟာ တော်တော်လေးကို တော်လှန်ရေးကို Positive ဖြစ်စေတဲ့ တွန်းအားလို့ ပြောလို့ရပါတယ်”ဟု ဌာနမှူး မေက ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) အပါအဝင် တိုင်းရင်းသား တော်လှန်ရေးတပ်များက စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ဆန့်ကျင် တော်လှန်မည့် နိုင်ငံတဝန်း ပြည်သူများ အထူးသဖြင့် လူငယ်များအား စစ်ရေးလေ့ကျင့်သင်တန်းပေးခြင်း၊ စစ်ရေးဆိုင်ရာ အကူအညီများပေးခြင်းတို့ ပြုလုပ်ခဲ့ပြီး လက်ရှိတွင် စစ်ရေးအတူတကွ ပူးပေါင်း ဆောင်ရွက်ကာ စစ်ကောင်စီကို အထိနာအောင် တိုက်ခိုက်နိုင် သည့် အခြေအနေကို ဖော်ဆောင်နိုင်ခဲ့ကြသည်။



















































