ရဲခေါင်/People’s Spring
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ အုံတိုင်းကျေးရွာတွင် သတ်ဖြတ်ခံရသည့် ဆရာတော်နှင့် ကပ္ပိယတို့အမှုကို တရားမျှတမှုနှင့် အမှုမှန်ပေါ်ပေါက်ရေး အသေးစိတ်ဖော်ထုတ်မည်ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ယနေ့(မတ်လ ၈ ရက်)တွင်ထုတ်ပြန်သည်။
ဖယ်ခုံမြို့၊ စစ်ဘေးရှောင် ရှမ်းကျောင်းဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော် အရှင်ဓမ္မသာရ(သက်တော် ၄၇ နှစ်)နှင့် အသက် ၄၀ အရွယ် ကပ္ပိယ အိုက်ဘီး တို့သည် ယခုလ ၄ ရက်နေ့ ညနေပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်းအသိပေးသည်။
ထိုဖြစ်စဥ်ကို မြို့နယ်ပူးပေါင်းအုပ်ချုပ် ရေးကော်မတီ အပါအဝင် နယ်မြေခံ တော်လှန်ရေး တပ်ပေါင်းစုနှင့်ပူးပေါင်း၍ အသေးစိတ်စုံစမ်း ဖော်ထုတ်မှုများဆောင်ရွက်မည်ဖြစ်ကာ တွေ့ရှိချက်ကို အများပြည်သူထံ ရှင်းလင်းချပြမည်ဟု IEC ကဆိုသည်။

Public Service Announcement
ယခုဖြစ်စဥ်ကို အကြောင်းပြ၍ တရားမဝင် အာဏာသိမ်းစစ်တပ်က လူမျိုးရေး၊ဘာသာရေး၊ပဋိပက္ခ များ ပိုမိုကြီးထွားစေရန် ရည်ရွယ်ချက်ဖြင့် ဝါဒဖြန့်ချိမှုများ နည်းမျိုးစုံ ဖန်တီးပြုလုပ်နေကြောင်းလည်း သတိပေးထားသည်။
တရားမဝင်အာဏာသိမ်းစစ်တပ်၏ သတင်းပေး (ဒလန်)နှင့် လက်နက်ချဖမ်းဆီးရမိသော စစ်သုံ့ ပန်းများကို ဥပဒေကြောင်းအရ တရားစီးရင်ခြင်းမပြုဘဲ လက်လွတ်စပယ်သတ်ဖြတ်ခြင်းသည် နိုင်ငံတကာ ဥပဒေပြဌာန်းချက်များနှင့် သွေဖီကြောင်း IEC က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
” Case ကို ကြည့်မယ်ဆိုရင် ဆရာတော်ကို သတ်ဖြတ်ပြီးတဲ့အထိတိုင်အောင် ဆရာတော်ရဲ့ ဘဏ်စာအုပ်၊လက်ကိုင်ဖုန်းတို့ကို မတရားယူဆောင်သွားတဲ့အပြင် Social Media Acc တွေကိုပါ ဝင်ရောက်သုံးစွဲနေတာက လူ့အခွင့်အရေး Privacy ပါ ထပ်မံချိုးဖောက်ထားတာဖြစ်တယ်” ဟု အမှုဖြစ်စဥ်ကို စောင့်ကြည့်နေသည့် ရှမ်းလူငယ်ထုအရပ်ဘက်အဖွဲ့အစည်းမှ တာဝန်ခံတစ်ဦးက လူထုနွေဦးသို့ပြောသည်။
စုံစမ်းအရေးယူမှုများကို စောင့်ကြည့်နေပြီး မှန်ကန်ဆီလျော်သော အကြောင်းအရာများဖြစ်ရန် လိုအပ်ကြောင်းလည်း ရှမ်းအရပ်ဘက်နှင့် သမဂ္ဂအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။
အုံတိုင်းရွာ သတ်ဖြတ်ခံရမှု ဖြစ်စဥ်ဖြစ်ပွားပြီး နောက်တစ်ရက်တွင် စုံစမ်းစစ်ဆေးမှုစတင်နေပြီဟု မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကောင်စီ၏ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ပြောထားသည်။
ထိုဖြစ်စဥ်သည် နိုင်ငံရေး၊ ဘာသာရေး အထိကရုဏ်းကို ဖန်တီးလုပ်ဆောင်ခြင်း ဖြစ်ကာ အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကောင်စီက အသိပေးသည်။



















































