မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကျတွင်းဘိုးရွာအနီးမှာ မတ်လ ၉ ရက်က စစ်ကောင်စီတပ်စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား၂၅ ဦးသေဆုံးကာ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါ အဝင် စစ်သား ၁၄ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသက ထုတ်ပြန်ထားပါတယ်။
နွားထိုးကြီးမြို့နယ် ဝက်လူးရဲစခန်းကထွက်လာတဲ့ အင်အား၂၀၀ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်း ဟာ နွားထိုးကြီးမြို့ရဲ့အရှေ့မြောက်ဘက်က ကျေးရွာတွေကို လှည့်ပတ်စစ် ကြောင်းထိုးနေခဲ့တာလို့ သိရပါတယ်။
အဲဒီစစ်ကောင်စီတပ်စစ်ကြောင်းကို ကျတွင်းဘိုးရွာအနီးမှာ နွားထိုးကြီးမြို့နယ်က တော်လှန်ရေးတပ် တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement
“အဲဒီစစ်ကြောင်းက ကြာပြီ။ရွာတွေကို လှည့်ပတ်စစ်ကြောင်းထိုး နေတာ။ပွဲက ၉နာရီလာက်စဖြစ်တယ်။စကစက တော်တော်အထိနာပြီး လေကြောင်း သုံးခါလာတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ချိန် တစ်နာရီကျော်အထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က စစ်သား၂၅ဦးသေဆုံးကာ ဗိုလ်မှူးဝင်းလှိုင်ဦးနဲ့ ဗိုလ်ကြီးအောင်ကိုကို အပါအဝင် စစ်သုံ့ပန်း ၁၄ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒသက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ထံကနေ MA-1 (၁၉) လက်၊ MA-2 (၂) လက်၊ MA-3 (၇) လက်၊ MA-5 (၂) လက်၊ MA-11 (၇) လက်၊ MA-12 (၁) လက်၊ G-3 (၂) လက်၊ G-4 (၁) လက်၊ ၆၀ မမ ပြောင်းတို (၂) လက်၊ ၈၁ မမ စိန်ပြောင်း (၁) လက် စုစုပေါင်း လက်နက် (၄၄) လက် ရခဲ့တယ်လို့လည်း ထပ်မံ အသိပေးထားပါတယ်။
ဒါ့အပြင် လက်နက်ကြီးကျည်တွေနဲ့ စစ်သုံးပစ္စည်းတွေ သိမ်းရတယ်လို့လည်း ထပ်မံ အသိပေးထားပါတယ်။
“အလက်တွေလည်း ကောက်ပြီးတဲ့အချိန်မှာ တတိယအကြိမ်လာတဲ့ လေကြောင်းမှာ မြို့နယ်ပကဖက ရဲဘော်နှစ်ဦးထိသွားတယ်”လို့ ဒေသခံတစ်ဦးက ပြာပါတယ်။
တိုက်ပွဲကို နွားထိုးကြီးမြို့နယ်ပကဖ၊မြင်းခြံခရိုင်တပ်ရင်း (၄၊၁၀)၊မဟာမိတ်တော်လှန်ရေး ပူးပေါင်းအဖွဲ့ တွေစု ပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲအတွင်းလေကြောင်းတိုက်ခိုက်မှုကြောင့် မြို့နယ်ပကဖက ရဲဘော်နှစ်ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ဝက်လူးရဲစခန်းဟာ နွားထိုးကြီးမြို့နယ်ရဲ့ မြောက်ဘက်ခြမ်းမှာရှိပြီး မန္တလေး-မြင်းခြံ ရထားလမ်းပိုင်းဘေးမှာ ရှိပါတယ်။
“အခုတိုက်ခံရတာက ဒီလ ၈ ရက်နေ့ကမှ ဝက်လူးရဲစခန်းကို ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းပါ။ရောက်ရောက်ချင်း ဝက်လူးရဲစခန်း ဘေးက ကန်ဦးရွာဘက်ကို စစ် ကြောင်းထိုးသေးတယ်။နောက်ရက် ကျားတွင်း ဘက်မှာတိုက်ပွဲ ဖြစ်တာပဲ”လို့ နွားထိုးကြီးဒေသခံစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးကို ပြောပါတယ်။
တိုက်ပွဲ ဖြစ်စဥ် အသေးစိတ်အချက်အလက်နဲ့ ပတ်သက်လို့ မြင်းခြံခရိုင် တပ်ရင်း (၄၊ ၁၀) နဲ့ နွားထိုးကြီးမြို့နယ် ပကဖ ထံ ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။
ယခုနှစ် ဇန်နဝါရီလနောက်ဆုံးပတ်ကလည်း နွားထိုးကြီးမြို့နယ် မြတောင်ရွာနဲ့ စိန်ပန်းကန်ရွာကြား တိုက်ပွဲအတွင်းမှာလည်း တပ်မ ၉၉ လက်အောက်ခံ ခမရ (၁၄၊ ၁၅)နဲ့ ရဲတပ်ရင်း ပူးပေါင်း အင်အား ၅၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံးနီးပါးပြုတ်တဲ့အထိ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါသေးတယ်။
