■စစ်သား ၁၅ ဦးထက်မနည်းသေဆုံးကာ သေနတ် ၉ လက်သိမ်းဆည်းရရှိ
-ရဲခေါင်/People’s Spring
မိုးဗြဲ မြို့ရှေ့တန်းကင်းနေရာအချို့ကို ပြန်လည် ထိုးစစ်ဆင်ရာ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးပြီး လက်နက် ၉ လက်သိမ်းဆည်းရရှိ ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF မိုးဗြဲ ဇုန်က ယနေ့(မတ်လ ၁၅ ရက်) ထုတ် ပြန်သည်။
မတ်လ ၁၃ ရက်တွင် စစ်ကောင်စီတပ်မှ ဒရုန်း၊ လက် နက်ကြီးများ အလွန်အကျူးအသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်မူကြောင့် ကရင်နီတပ်ပေါင်းစုက ရှေ့တန်းကင်းနေရာအချို့ တပ်ဆုတ်ပေးခဲ့ရသည်ဟု အသိပေးသည်။

Public Service Announcement
ထို့နောက်မတ်လ ၁၄ ရက်တွင် တော် လှန်ရေးအင်အားစုများမှ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မူကြောင့် စစ်တပ်ဘက်မှ အနည်းဆုံးတပ် သား(၁၅)ဦး သေဆုံးပြီး ဒဏ်ရာအများအပြား ရရှိကာ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု ဖော်ပြထားသည်။
“မနေ့က ပြန်ရတဲ့ ကင်းစခန်းနေရာတွေက မြို့နဲ့ နီးတယ်။သူတို့(စစ်ကောင်စီ)ဘက်က သူတို့ နေနေကြစည်း(မိုးဗြဲ မြို့အဝင်)ဘက်ထိပြန်ဆုတ်သွားတယ်”ဟု ရှမ်းတောင်စစ်ဒေသခွဲဗျူဟာ ၁ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
“ကျနော်တို့ရဲ့ ရှေ့ကင်းနေရာတွေ သုံးလေးခုပြန်ရပါတယ်”ဟု မိုးဗြဲ ရှေ့တန်းစစ်မျက်နှာပြင်ရှိ တပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ပြောသည်။
တိုက်ပွဲအတွင်း လက်နက်(၉)လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိပြီး တော်လှန်ရေးအင်အားစုဘက်မှ KNDF မိုးဗြဲဇုန် မှရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။
မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီမှ ဓါတ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအပြင် အသေခံဒရုန်းများ ဖြင့်ပါ အသုံးပြုတိုက်ခိုက်သည်ကို တွေ့ရှိကြောင်း KNDF မိုးဗြဲ ဇုန်က ဖော်ပြသည်။
မီးလောင်ဗုံးများ အသုံးပြုတိုက်ခိုက်မူကြောင့် မတ်လအတွင်း မိုးဗြဲမြို့ပေါ်ရပ်ကွက်များအတွင်း နေအိမ်အနည်းဆုံး (၁၅)လုံးနှင့်အထက် မီးလောင်ပျက်စီးခဲ့ရပါသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစ၍ မိုးဗြဲမြို့ကို ပြန်ရရှိရန် စစ်ကောင်စီသည် လူအင်အားနှင့်ဒရုန်းများ၊ လက်နက်အင်အားသာလွန်စွာအသုံးပြု၍ ထိုးစစ်ဆင်မူကို တော်လှန်ရေးအင်အားစုများဖြစ်ကြသော ရှမ်းတောင်စစ်ဒေသခွဲ အမှတ်(၁)ဗျူဟာ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်နှင့် အခြားတပ်ပေါင်းစုများမှက ခုခံတိုက်ခိုက်နေသည်။
