ရဲခေါင်/People’s Spring
ပြည်ပအလုပ်ခေါ်စာ(Demand Latter)အသစ် လျှောက်ထားမှုကို စစ်ကောင်စီက ယနေ့(မတ်လ ၁၇ ရက်)တွင် ဆိုင်းငံ့လိုက်သည်။
၂၀၂၄ ဇန်နဝါ ၃၀ရက်မတိုင်မီ အလုပ်ရှင်၊အလုပ်သမားသဘောတူစာချုပ် ချုပ်ဆိုထားသည့် အလုပ်သမားများနှင့် စေလွှတ်ရေးလုပ်ငန်းစဥ်များ ဆက်လက်ဆောင်ရွက်ခွင့်ပြုသည့် Demand Latterများကိုသာ ပြည်ပသို့ ကနဦးစေလွှတ်မည်ဟု ဆိုသည်။
အဆိုပါ ပြည်ပအလုပ်သမားများအား သက်ဆိုင်ရာနိုင်ငံအလိုက် စေလွှတ်ပြီးမှသာ Demand Latter အသစ်များကို ခွင့်ပြုမည်ဟု မြန်မာနိုင်ငံပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA)က ယနေ့(မတ်လ ၁၇ရက်)တွင် အသိပေးသည်။

Public Service Announcement
ပြည်ပအကျိုးဆောင်လိုင်စင်ရ အေဂျင်စီများ Demand Latter အသစ်တင်ပြရမည့် အချိန်ကိုလည်း စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနဘက်က အကြောင်းကြားမည်ဟုသာ ဖော်ပြထားသည်။
“မတ်လ ၃၀ရက်မတိုင်ခင် တင်ထားတဲ့သူအားလုံးထွက်ခွင့်ရပါမယ်။MOEAAရဲ့ အပြောပါ။ လေဆိပ်မှာ မရဘူးဆိုလဲ မတတ်နိုင်ပါ။ ဇန်နဝါရီ ၃၀ရက်မတိုင်မီ တင်ထားတဲ့သူအားလုံး စေ လွှတ်ပြီးမှ Demand အသစ်တင်တာ စတင် လက်ခံပါမယ်။Demand အသစ်တင်တဲ့အခါ Agencyအလိုက် အရေအတွက်သတ်မှတ်ပါမယ်။ အရေအတွက် မကြေညာသေးပါ။အဲ့ဒီတော့ အသစ်တွေ ဘယ်တော့မှပြန်လျှောက်လို့ရမလဲ။ရရင်ရော ကန့်သတ်ချက်ကြောင့် ထွက်ရဖို့ အခြေအနေ အတော်နည်းသွားမယ်လို့ ယူဆရပါတယ်”ဟု ပြည်ပအလုပ်အကိုင်အကျိုး ဆောင်တစ်ဦးက ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ PJ အလုပ်အကိုင်နိုင်ငံကူးလက်မှတ်ဖြင့် ထွက်ခွာမည့် အလုပ်သမားများအားလုံးလည်း ယနေ့ (မတ်လ ၁၇ ရက်)ကစတင်၍ စစ်ကောင်စီ၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံများသို့ ထွက်ခွာခွင့်မရှိတော့ပေ။
PJ အမျိုးအစား အလုပ်အကိုင်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများသည် စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနထံ ၅ရက် ကြိုတင် ခွင့်ပြုချက် လျှောက်ထားပြီးမှ ပြည်ပထွက်ခွာနိုင်မည့်ညွှန်ကြားချက်မှာ မတ်လဒုတိယပတ်တွင် ထွက်ရှိခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီက အလုပ်သမားဝန်ကြီးအသစ် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဦးချစ်ဆွေကို ပြောင်းလဲခန့်အပ်ပြီးနောက် ပြည်ပအလုပ်သမားသက်သေခံကတ် (oversea workers Identity card ) OWICပြုလုပ်ခွင့် ပိတ်ပင်မှု၊ဗီဇာ စည်းမျဉ်းစည်းကမ်း တင်းကြပ်မှုအပါအဝင်၊ပြည်ပရောက်မြန်မာလုပ်သားများ ဖမ်းဆီးခံရမှုများလာနေသည်။
“စကစ သတ်မှတ်တဲ့ လုပ်ထုံးလုပ်နည်းနဲ့စည်းမျဥ်းစည်းကမ်းစုံလို့ ပြည်ပထွက်ဖို့ စောင့်နေရတဲ့ သူက လတ်တလော ၆၀,၀၀၀ လောက်ရှိတယ်။နိုင်ငံရေး မူဝါဒ ပထမဦးစားပေးဖြစ်ပြီး စီးပွါးရေးမူဝါဒ ဒုတိယသာ ဖြစ်နေတယ်”ဟု MOEAA ၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီသည် အသက် ၁၈ နှစ် ၃၅ နှစ်ကြားအမျိုးသားများကို ပြည်ပထွက်ခွာမှု ပိတ်ပင်ခြင်း နှင့် ပြည်ပရောက်မြန်မာလုပ်သားများ၏ လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို ပြန်လည်လွှဲပြောင်းရန် စသည့် ဖိနှိပ်မှုများပါ လုပ်ထားသည်။


















































