မတ်-၂၁၊၂၀၂၅။ကဖေး/People’s Spring
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နမ့်မှော်ကျေးရွာတွင် ယနေ့(မတ်လ ၂၁ရက်)နံနက်က မြေစာပုံနွံကန် ပေါက်ပြီး နုန်းမြေများကျေးရွာအတွင်းစီးဝင်နေ၍ ဒေသခံများ ပိတ်မိနေကြောင်းသတင်းရရှိသည်။
ကျေးရွာအထက်ဘက်ရှိ နွံကန်သည် နံနက် ၈နာရီခန့်တွင် စတင်ပေါက်ကျခြင်းဟု ဒေသခံတစ်ဦးကပြောသည်။
နုန်းမြေများသည် ကျေးရွာလမ်းအတိုင်း စီးဝင်နေခြင်းဟု ဆိုသည်။

Public Service Announcement
” လူတွေ ပိတ်မိနေတယ်။ ထွက်လာလို့မရ သေးဘူး။ ကယ်ဆယ်ရေးတွေ အရေးပေါ်လာကြပါ”ဟု ဒေသခံတစ်ဦးက အကူအညီတောင်းသည်။
လက်ရှိ နံနက် ၁၀နာရီခွဲအထိ နုန်းမြေများ ကျေးရွာအတွင်း စီးဝင်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။ သို့သော် လူထိခိုက်မှုသတင်း မရသေးပေ။
နမ်မှော်ကျေးရွာသည် ဆိုင်းတောင်ရွာမှ တာမခန်ကျေးရွာသို့ သွားသည့်လမ်းပိုင်း၌ရှိသော တောင်ခြေရွာဖြစ်သည်။
ဖားကန့်မြို့နယ် စဘော့ကျေးရွာတွင် ဇန်နဝါရီ ၁၃ရက ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် နွံကန်ပြိုကျမှုဖြစ်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အတွင်း ကလေးငယ် လေးဦးနှင့် အမျိုးသမီး ၁၄ဦးအပါအဝင် ရုပ်အလောင်း ၃၂လောင်းတွေ့ရှိခဲ့သည်။
သုံးရက်ကြာ ရှာဖွေကယ်ဆယ်ရေးလုပ်ပြီး ရှာဖွေရေးရပ်ဆိုင်းခဲ့သည်။ကျေးရွာအတွင်းရှိ အိမ်ခြေ ၅၇ကျလုံးလည်း ပျက်စီးခဲ့သည်။ နောက်ရက်အနည်းငယ်အကြာတွင် အဆိုပါ မြေစာပုံထပ်ပြိုပြီး သုံးဦး သေဆုံးခဲ့သေးသည်။


















































