စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၂)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ဦးဆောင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ချီတက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ်မှာလည်း လက်ပံတောင်းတောင်ဒေသသပိတ်အင်အားစုက အပြည် ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း(ILO)က ပုဒ်မ (၃၃)အရ စစ်ကောင်စီကို ချက်ချင်းအရေးယူနိုင်ဖို့ “ILO implement Article 33 On Myanmar Now 2025” ခေါင်းစဥ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်

Public Service Announcement
ဒါ့အပြင် ရုရှားရဲ့ကျူးကျော်စစ်ကို တွန်းလှန်နေဆဲဖြစ်တဲ့ ယူကရိန်းနဲ့အတူရပ်တည်ကြောင်း “We Stand With Ukraine” စာသားပါ အလံတံဆိပ်ကိုင်ဆောင်လှုပ်ရှားမှုကိုလည်း ပြုလုပ်ခဲ့ပါတယ်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ပြည်သူ့အာဏာကို တည်ဆောက်ခြင်းဖြင့် စစ်အာဏာရှင်စနစ်နဲ့အတူ အာဏာရှင်ဆန်သမျှကို ဖီဆန် အုံကြွတော်လှန်တဲ့အနေနဲ့ အဲဒီ့လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ DDMSCက ဆိုပါတယ်။
ဒီကနေ့ပြုလုပ်တဲ့ လူထုသပိတ်လှုပ်ရှားမှုမှာ အမျိုးသမီး၊ လူငယ်တွေနဲ့ ဒေသခံပြည်သူအများအပြား ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ DDMSC၊ လက်ပံတောင်းသပိတ်
