Connect with us

Hi, what are you looking for?

သတင်း

အင်းတော်-ကသာကြားတိုက်ပွဲ သေဆုံးဒဏ်ရာ ရသူများတွင် ပဲခူး နှင့် ဧရာဝတီတိုင်းမှ သင်တန်းဆင်းစစ်သားများပါဝင်

အင်းတော်-ကသာလမ်းပိုင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများအနက် အလုပ်မရှိ၍ငွေကြေးယူစစ်မှုထမ်းလိုက်သွားသည့် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းမှအမျိုးသားအချို့ ပါဝင်​နေသည်။

အင်း​တော်-ကသာလမ်းတိုက်ပွဲတွင်​တော်လှန်​ရေးတပ်များဖမ်းမိ​သောစစ်သုံ့ပန်းများ။ ဓါတ်ပုံ-NUG-MOD

ကဖေး/People’s Spring

အင်းတော်-ကသာ လမ်းပိုင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများအနက် အလုပ်မရှိ၍ ငွေကြေးယူစစ်မှုထမ်းလိုက်သွားသည့် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းမှအမျိုးသားအချို့ ပါဝင်​နေသည်။

အင်းတော်မြို့သို့ စစ်ကူသွားသည့် အင်အား၁၅၀ ခန့်ပါ စစ်ကြောင်းကို ကသာမြို့၊ ပင်လွတ်ရွာအနီး ပန်းတောင်ကြီး၊ ပန်းတောင်လေးတောင်၌ မတ်လ ၁၅ ရက်နေ့တွင် KIA နှင့်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကဖြတ်​တောက်ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြသည်။

ထိုစစ်ကြောင်းမှာပျက်သွားပြီး ၃၃ ဦးသေဆုံးကာ ဆယ်ဦးဒဏ်ရာရပြီး ၃၁ ဦး အရှင်ဖမ်းမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသက သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ကြောင်းတွင် စစ်မှုထမ်းဥပဒေဖြင့်စစ်သားစုဆောင်းခံရသည့် သင်တန်းဆင်းအများအပြားပါဝင်​နေပြီး ပဲခူးတိုင်း ဒိုက်ဦးမြို့၊ ဧရာဝတီတိုင်း၊မြန်အောင်မြို့မှ စစ်သင်တန်းဆင်း အမျိုးသားအချို့ပါဝင်ကြောင်း ဒေသခံများထံမှစုံစမ်းသိရသည်။

“ကျနော်တို့မြို့ကနေပါသွားတာ ၂ယောက်။ ၂ ယောက်လုံးသေတယ်ကြားတယ်။သူတို့က တစ်ယောက် သိန်း ၅၀ယူပြီး လိုက်သွားတာ။ အခုတော့ အလောင်းပြန်မရဘဲနာရေးလုပ်ဖို့ပြင်နေကြတယ်”ဟု မြို့ခံတဦးကပြောသည်။

တိုက်ပွဲအတွင်း ဒဏ်ရာရပြီး ပြန်ဆုတ်ခွာသွားသည့်ကောင်စီစစ်ကြောင်းတွင် ဧရာဝတီတိုင်း၊မြန်အောင်မြို့နယ်၊သပြေကုန်းရွာမှ အသက်၂၅နှစ်အရွယ်အမျိုးသားတစ်ဦးပါဝင်သည်။ အောင်သူဟု ခေါ်သည့်အဆိုပါအမျိုးသားသည် အလုပ်လက်မဲ့တစ်ဦးဖြစ်ပြီး အရက်အလွန်အကျွံသောက်သူဖြစ်​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

၎င်းကဒေသခံများထံမှ တစ်အိမ်လျှင် တစ်သိန်းကျပ်စီစု၍ ကျပ်သိန်း ၅၀ ယူကာ စစ်သင်တန်းတက်ခဲ့သူဖြစ်သည်။ ၂၀၂၄ နိုဝင်ဘာလတွင် ကွင်းကောက်မြို့၊ အမှတ်(၅)လေ့ကျင့်ရေးတပ်၌ စစ်သင်တန်းတက်ပြီး ၂၀၂၅ မတ်လဆန်းတွင် ထောက်ကြံ့အခြေစိုက်စစ်ကောင်စီတပ်ရင်းသို့ ပို့ဆောင်ခံရပြီး ထိုမှတစ်ဆင့် ကသာမြို့ရှိ ခမရ(၃၀၉)သို့ ထပ်မံပို့ဆောင်ခံရသူဖြစ်သည်။

“ကသာကို သွားကာနီး အိမ်ကိုဖုန်းဆက်တယ်။ ဟတ်စကီးနဲ့ သူသွားရမယ်ဆိုပြီး။ ဟိုရောက်ပြီးနောက်တခါပြန်ဆက်လာတော့ ဒဏ်ရာရနေပြီတဲ့။ ကျတော်တို့က သူ့အတွက် တစ်သိန်းစီပေးလိုက်ကတည်းက ကူးတို့ခဆိုပြီး အပြီးထည့်လိုက်တော့တာ” ဟု သပြေကုန်းရွာမှ အမျိုးသားတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည်စစ်မှုထမ်းဥပဒေဖြင့်ခေါ်ဆောင်သွားသူများကို သုံးလခန့် စစ်သင်တန်းပေးပြီး ရှေ့တန်းပို့ စစ်တိုက်ခိုင်းနေခြင်းဖြစ်သည်။ ထို​ကြောင့် စစ်မှုထမ်းဖြင့် စု​ဆောင်းခံရ​သောစစ်သားသစ်များ ​မှာ ​ဒေသအနှံတိုက်ပွဲများတွင် ​သေးဆုံး ဒဏ်ရာရသူများ​နေသည်။

“ဧရာဝတီတိုင်းထဲကတိုက်ပွဲတွေမှာလည်း စစ်သင်တန်းဆင်တွေကိုသုံးတာ။ အခုစစ်ကိုင်းတိုင်းထဲအထိဧရာဝတီကနေပို့နေရတယ်ဆိုတော့ စစ်ကောင်စီဘက်မှာ လူအင်အားလုံးဝရှိမနေတော့ဘူး။ အခုလိုချိန်မှာ တပြိုင်နက်ထိုးစစ်တွေလုပ်လိုက်ရင် စစ်ကောင်စီပြုတ်ကျမှာ” ဟု စစ်ကိုင်းတိုင်း ပုလဲမြို့မှ PDF တစ်ဦးကပြောသည်။

မန္တ​လေးတိုင်းတွင် မတ်လ ဒုတိယပါတ်၌ စစ်တပ်စစ်​ကြောင်း ပျက်​အောင်တိုက်ခိုက်ခံရ​​သောတိုက်ပွဲများတွင်လည်း သင်တန်းဆင်းစစ်သားသစ်များစွာပါဝင်​ခဲ့သည်။ထိုတိုက်ပွဲများတွင် ​သေဆုံး၊ဒဏ်ရာရသူ ၊ စစ်သုံ့ပန်းအဖြစ်အဖမ်းခံရသူများတွင် သင်တန်းဆင်းစစ်သားသစ်များစွာပါဝင်​နေ​ကြောင်း တိုက်ခိုက်ခဲ့​သော PDF စစ်​ကြောင်းများမှ တာဝန်ရှိသူများက​ပြောသည်။

နွားထိုးကြီးမြို့နယ်တွင်မတ်လ ၉ ရက်​နေ့က တပ်မ ၁၀၁ လက်​အောက်ခံ တပ်ရင်း​တွေနဲ့ ​လေ​ကြောင်းရန်ကာကွယ်​ရေးတပ် ၊ရဲ ​များပူး​ပေါင်းလာ​သောအင်အား ၂၀၀ ခန့်ပါစစ်​ကြောင်းကို မြင်းခြံ ခရိုင်တပ်ရင်း ၄ ၊ ၁၀ (နွားထိုးကြီး PDF ) ၊ နွားထိုးကြီးပကဖ တို့က တိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်မှ ၄၀ ​ကျော်​သေဆုံး ၊ ၁၅ ​ဦးဒဏ်ရာရပြီး စစ်သုံ့ပန်း ၁၄ ဦး ဖမ်းဆီးနိုင်ခဲ့​ကြောင်း နွားထိုးကြီး PDF မှတာဝန်ရှိသူက​ပြောသည်။စစ်သုံ့ပန်းထဲတွင် စစ်သားသစ် ၃ ဦးပါပြီး ၊​သေဆုံး ဒဏ်ရာရသူများတွင်လည်း သင်တန်းဆင်းစစ်သားသစ်များပါဝင်​ကြောင်း ၎င်းကဆက်​ပြော​သေည်။

ညောင်ဦးမြို့နယ်ငါးသရောက်ဒေသသို့ဝင်ရောက်လာသည့် စစ်တပ်စစ်ကြောင်းကိုမတ်လ ၁၄ ရက်က​​ဒေသခံကာကွယ်​ရေးတပ်များကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် စစ်ကြောင်းမှူး အပါအဝင် သေဆုံးထိခိုက်သူများပြားခဲ့ပြီးစစ်ကြောင်းပျက်သွား​ကြောင်းညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(ပကဖ) တာဝန်ခံက ပြောသည်။သေဆုံးသူများထဲတွင် သင်တန်းဆင်းပြည်သူ့စစ်များပြားသည်ဟု ၎င်းက ပြောသည်။

“ပုဂံဘက်က ပြည်သူ့စစ်တွေတော်တော်များများပါတယ်။ ကျသွားတာလည်း အဲဒီကောင်တွေ ကျတာများတယ်” ဟု၎င်းကဆိုသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှလက်နက်ခဲယမ်းသိမ်းရခြင်းရှိမရှိအခြေအနေအ​သေးစိပ်ကိုမူပကဖတာဝန်ခံက ပြောဆိုခြင်းမရှိပေ။

အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းယူခဲ့သည့် ဂွမြို့သိမ်းတိုက်ပွဲတွင်လည်း စစ်ကောင်စီက ဧရာဝတီတိုင်းမှ စစ်သင်တန်းစစ်များကို ပို့ခဲ့ရာ အများအပြားသေဆုံး၊ဒဏ်ရာရခဲ့ဖူးသည်။

၂၀၂၄ ဒီဇင်ဘာလ၂၇ရက်က စစ်ကောင်စီဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဦးဆောင်သည့် ကြည်းရေလေ ထိပ်ပိုင်းခေါင်းဆောင်များသည် ပုသိမ်မြို့သို့လာရောက်ပြီး စစ်မှုထမ်းသင်တန်းဆင်းများနှင့်တွေ့ဆုံခဲ့ပြီး တိုက်ပွဲများအတွင်း လက်နက်မချရန် ၊မကြောက်လန့်ရန် ပြောသွားခဲ့ဖူးသည်။ သို့သော် စစ်မှုထမ်းစစ်သင်တန်းဆင်းများသည် တိုက်ပွဲအတွင်း သေဆုံးမှုများနေသလို ထွက်ပြေးမှုများရှိနေသည်။

အောင်သူသည် ယခုအခါ ကသာမြို့ ခမရ(၃၀၉)၌ရှိနေပြီး မိသားစုဝင်များက လိုက်လံတွေ့ဆုံရန်ကြိုးစားနေသည်။ သို့သော် စစ်ကောင်စီက ကသာမြို့အထိ လိုက်ခွင့်မပေး၍ မည်သို့ဆက်လက်လုပ်ဆောင်ရမည်ကိုမသိဖြစ်နေ​ကြောင်းစုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နယ်နယ်စပ်ဒေသတွေဖြစ်တဲ့ငါးသိုင်းချောင်း၊ရေကြည်နဲ့ သာပေါင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ခဲယမ်းပေါက်ကွဲသံတွေကို မြို့ပေါ်တွေကနေကြားနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ဧရာဝတီတိုင်းမှာ ရေကာတာတွေ ရေယိုစိမ့်နေတာကို လူမှုကွန်ရက်ပေါ်တင် ဖြန့်ဝေသူကို အရေးယူမယ်လို့ စစ်တပ်လက်အောက်ခံဌာနဆိုင်ရာတွေက ဒေသခံတွေကို ဖိအားပေး ခြိမ်းခြောက်ထားပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲက အမြောက်တပ် အမတ(၃၄၄)အနီးမှာ ယနေ့ည တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေကြောင်းကရော ၊လက်နက်ကြီးနဲ့ပါ ပစ်ကူ​ပေးပစ်ခတ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။