မတ်-၂၃၊၂၀၂၅။ဟန်နွေ/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီးဦးရည်မွန်ကိုယ်တိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲဘော်များ နှင့်အတူ မြေပြင်၌ ရှိနေခြင်း တစ်ခုတည်းဖြင့် အထက်ကို ယုံကြည်ပြီး တော်လှန်ရေးကို ရှေ့ဆက်နေခြင်းဖြစ်ကြောင်း PDF ကလေးခရိုင် အမှတ်(၄) တပ်ရင်းမှတပ်မှူးကိုမုန်ပီးက ပြောသည်။
စစ်ကိုင်းတိုင်း ကလေးနှင့်တမူးခရိုင်ရှိတော်လှန်ရေးတပ်ဖွဲ့များအတွက်ရန်ပုံငွေရှာဖွေမည့်ကဘော်ညီနောင် ကမ်ပိန်းဖွင့်ပွဲအခမ်းအနားကိုမတ်လ ၂၂
ရက်ညက ပြုလုပ်ခဲ့သည်။ အခမ်းအနားမှူး ဒေါက်တာဖြိုးသီဟက အွန်လိုင်းတွင် NUGကို အပြုသဘော ဝေဖန်မှုများ ပြုလုပ်နေသည့် PDF တပ်မှူး တစ်ဦးဖြစ်သည့် ကိုမုန်ပီးကို တော်လှန်ရေး၌ဝေဖန်ရေး လိုအပ်သကဲ့သို့ အပြစ်ရှာခြင်း သို့မဟုတ် ပြည်သူစိတ်ဓာတ်ကျအောင် လုပ်ခြင်းများ ရှိနေသည့် အပေါ် သုံးသပ်ပြောကြားပေးရန် မေးမြန်းချက်အား ကိုမုန်ပီးက ပြန်လည်ဖြေကြားရာ၌ NUG ယန္တရားအောက်ရှိ PDF ကဏ္ဍအပေါ် ပြန်လည်ဆွေးနွေးခဲ့သည်။

Public Service Announcement
NUG ကို ဝေဖန်မှုများ ပြုလုပ်သကဲ့သို့ အပြုသဘော ရေးသားချက်များအပေါ် NUGကို ဖားသည်ဟု ပြောဆိုမှုများ ကြုံရကြောင်း ကိုမုန်ပီးကပြောပြသည်။
“ကျနော်မဆဲခဲ့တာ မဟုတ်ပါဘူး။ဖာနေတာလည်း မဟုတ်ပါဘူး။ အဓိကတော့ ကျနော်တို့ ကိုယ်၌က ထဲထဲဝင်ဝင် အလုပ်လုပ်နေရတော့ ကျနော်တို့ ဘာလုပ်နေရတယ်ဆိုတာ ကျနော်တို့သိတယ်။ ကျနော်တို့ဘာလုပ်နေတယ် ကျနော်တို့ ဘယ်လောက်ရွေ့နေတယ်ဆိုတာကျနော်တို့ သိတယ်။တကယ်ကတော့ အခု ကျနော်တို့ ပြောနေတဲ့ ကဏ္ဍတွေဆိုတာ ကျနော်တို့သာရန်ပုံငွေလုံလောက်တယ်ဆိုရင် လျှို့ဝှက်သင့်တဲ့ကိစ္စတွေပါ။ ဒါပေမဲ့ တော်လှန်ရေးဟာ လူထုအားနဲ့ သွားနေရတဲ့ကဏ္ဍမှာအားလုံးမြင်သာတာပေါ့။” ဟု ကိုမုန်ပီးက ပြောသည်။
NUG အစိုးရယန္တရားပဲဖြစ်ဖြစ်တော်လှန်ရေးဦးဆောင်သူများ၊ တပ်ဖွဲ့အချင်းချင်းများဖြစ်ဖြစ် လိုအပ်သည်များကိုအများပြည်သူရှေ့မှောက်၌ ပြောဆိုခြင်းထက် အတွင်းပိုင်း၌သာ တော်လှန်ရေးရဲဘော်ချင်းအဓိထား ပြောဆိုဖြစ်ကြကြောင်း ၎င်းကဆက်ပြောသည်။
“ကျနော် ကျန်တဲ့ ကဏ္ဍတွေမပြောတက်ဘူး။ ကျနော်မသိ ၊ နားလည်မလည်လို့ ။ ဒါပေမဲ့ PDF ကဏ္ဍအနေနဲ့ ပြောရမယ်ဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဟာ ကျနော်တို့ရဲ့ ဝန်ကြီး ၊ ကျနော်တို့ရဲ့ စစ်ဦးစီးချုပ်ကိုယ်တိုင် ကျနော်တို့နဲ့အတူ မြေပြင်မှာ ရှိနေတယ် ။ ဒီတခု နဲ့တင် ကျနော်တို့က တော်တော်လေး ယုံကြည်အားကိုးလို့ ရပြီပေါ့။ ဒါနဲ့ပဲ ကျနော်တို့ PDFက ကိုယ့်ရဲ့အထက်ကိုယုံကြည်ပြီး ရှေ့ဆက်နေတာဖြစ်တယ်” ဟုကိုမုန်ပီးက ပြောသည်။
လက်ရှိစစ်ရေးတွင် တောင်တန်းဒေသများကိုတော်လှန်ရေးအင်အားစုများက ခြုံငုံထိန်းချုပ်နိုင်ခဲ့ပြီဟု ၎င်းကသုံးသပ်ပြောသည်။
“တောင်တန်းဒေသတွေကိုဒီပြည်နယ်တွေကို အမှီပြုပြီးသူတို့ရဲ့ထောက်ပံ့မှုသူတို့ရဲ့ကူညီမှုကို အားယူပြီး တော့ ကျနော်တို့ ရှေ့တလှမ်းကို တဆင့်တက်လှမ်းနေကြတာဖြစ်တယ်။ အရင်တုန်းကတော့ ပြောက်ကျားတို့လူအင်အားဆယ်ဂဏန်း၊ ရာဂဏန်းနဲ့ တိုက်ပွဲဝင်တယ်။ ရှေ့ဆက်မှာတော့ ထောင်သောင်း နဲ့ ချီတဲ့ တိုက်ပွဲဝင်မှုတွေ ပြုလုပ် နိုင်ဖို့၊ ပြုလုပ်လည်းပြုလုပ်နေနိုင်တယ် ပိုမိုအားကောင်း အောင်ဆိုတာ ကျနော်တို့ ပြုလုပ်နိုင်ဖို့ အားစိုက်နေကြတာဖြစ်တယ်”ဟုလည်း ကိုမုန်ပီးကပြောသည်။
ကာကွယ်ရေးဝန်ကြီးက ထိုးစစ်ကြီးတရပ်ကို အင်အားထောင်သောင်းချီဖြင့် ပြုလုပ်ကာ စစ်အာဏာရှင်အဆုံးသတ်နိုင်ရေး လုပ်ဆောင်ရန် ရှိကြောင်း မတ်လ ဒုတိယပတ်တွင်တပ်မှူး သင်တန်းတစ်ခုမိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။
လက်ရှိတော်လှန်စစ်ရေးအခြေအနေများကိုသေချာစွာ စူးစမ်းလေ့လာကြည့်ပါကအရမ်းမြင်သာကြောင်း၊ တော်လှန်ရေးသည်ဝှက်ထား၍မရဘဲ အလွန်ပွင့်လင်းမြင်သာကြောင်းကိုမုန်ပီးကဆိုသည်။
“တကယ်ကတော့ ဒီထက်လျှို့ဝှက်သင့်တာတွေအများကြီးပေါ့။ ကျနော်အနေနဲ့ကတော့ NUG ယန္တရားကြီးတခုလုံးမဟုတ်ရင်တောင်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် NUG ယန္တရားတော့ ကျနော်အားလုံးနားမလည်လို့ ပြောတာပါ။ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDFဟာ အရှိန်နဲ့သွားနေတယ်။ရှေမှာပိုပြီးတော့ အားကောင်းမောင်းသန်နဲ့သွားနိုင်ဖို့ အားစိုက်နေတယ်ရုန်းနေတယ်။မနားမနေ အားစိုက်နေတယ်ဆိုတာတော့ သေချာတယ်။ ဒါကိုတော့ ကျနော်တို့ လုံး၀ အာမခံတယ်” ဟု ကိုမုန်ပီးက ပြောကြားသည်။
သို့ရာတွင်၂၀၂၅ ပြီးရင်ဘာဖြစ်မည်ဆိုသည့် မျှော်လင့်ချက်ကြီးကြီးမားမား မပြောလိုကြောင်း ၎င်းက ဆိုသည်။
“ဒါပေမဲ့ သေချာတာကတော့တဆင့်ပြီးတဆင့်တရွေ့ပြီးတရွေ့ရွေ့သွားမယ်ဆိုတာလုံး၀သေချာတယ်”ဟု ကိုမုန်ပီးက ပြောသည်။
အားနည်းချက်များ အားမရခြင်းများရှိသော်လည်း ယခုထက်ပိုအားကောင်းအောင်ကြိုးစားရမည်ဖြစ်ကြောင်း၎င်း၏ ခံယူချက်ကိုပြောသည်။
“ပြည်သူ့ကာကွယ်ရေးတပ်မတော်PDF နဲ့ကျန်တဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေဟာကျနော်တို့ရဲ့စစ်အရှိန်ကတော့ဘယ်လိုမှ ရပ်တန့်သွားစရာမရှိဘူး။တရွေ့ပြီးတရွေ့ ရွေ့နေတယ်လို့ ယုံကြည်ပါတယ်” ဟု ကိုမုန်ပီးက ပြောပြသည်။
ယခုပြုလုပ်နေသည့် ကဘော်ညီနောင် ကမ်ပိန်းသည် ကလေး၊ တမူးခရိုင်အတွင်းရှိ PDFအဖွဲ့ ၁၄ဖွဲ့အတွက် ရန်ပုံငွေ ရှာဖွေခြင်းဖြစ်ကြောင်းရှင်းပြသည်။
ချင်းတွင်းမြစ်နှင့် အိန္ဒိယနယ်စပ်အကြားချိုင့်ဝှမ်းလွင်ပြင်ဒေသဖြစ်သောကဘော်ဒေသသည်အမှတ်(၁) စစ်ဒေသ၏ အရေးကြီးသည့်ဒေသဖြစ်ပြီး ယင်းဒေသ၌ ကလေးနှင့် တမူးမြို့များ ပါဝင်ကြောင်းဝန်ကြီး ဦးရည်မွန်ကလည်းပြောသည်။ နိုင်ငံရေး၊ နိုင်ငံခြားရေး၊ ကုန်သွယ်ရေးနှင့် စစ်ရေးအရ သမိုင်းတလျှောက် အရေးပါခဲ့သည့် ယင်းကဘော်ဒေသကို လွတ်မြောက်နယ်မြေ ဖြစ်ရေး ဦးစားပေးဆောင်ရွက်ရန်ရှိကြောင်း ၎င်းက ဆိုသည်။
ကဘော်ချိုင့်ဝှမ်းသည် စစ်ကိုင်းတိုင်းဒေသကြီး အနောက်ပိုင်းတွင်တည်ရှိသည့်ကုန်းမြင့်ချိုင့်ဝှမ်းတစ်ခု ဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၏ နယ်နိမိတ်နှင့် နီးကပ်စွာ တည်ရှိသည်။
“ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁)စစ်ဒေသအနေနဲ့လည်း ဒီဒေသ ဒီနယ်မြေ လွတ်မြောက်ရေးကို အထူးဦးစားပေးအနေနဲ့ စဉ်းစားဆောင်ရွက်နေတာလည်းရှိတယ်လို့ ပြောရပါမယ်”ဟု ဦးရည်မွန်ကဆိုသည်။
တော်လှန်ရေးအစောပိုင်းကတည်းကကာကွယ်ရေးဝန်ကြီးဌာန နှင့် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များဖြစ်သော ကချင် KIA၊ ချင်း CNF/CNA၊ ကရင်နီ KNPP/KA၊ ABSDF တို့ ပါဝင်သော ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(C3C)၏ သဘောတူဆုံးဖြတ်ချက်အရ အမှတ်(၁) စစ်ဒေသကို ၂၀၂၂ နှစ်လယ်ပိုင်း၌ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ဟု ရှင်းပြသည်။
ကလေးခရိုင်နှင့် တမူးခရိုင် နှစ်ခုလုံးတွင်နယ်မြေစိုးမိုးထိန်းချုပ်မှုကို PDF တပ်မတော်က အဓိက ရယူထားကြောင်း၊ စစ်ကောင်စီ လုံး၀ ကင်းစစ်ခြင်းမရှိသေးသော်လည်း တနယ်လုံးကို PDFများ ထိန်းချုပ်ထားသည်ဟု ကာကွယ်ရေးဝန်ကြီးက ရှင်းပြသည်။
PDF ကလေးခရိုင် အမှတ်(၄) တပ်ရင်းတပ်မှူးကိုမုန်ပီး၏ ရှင်းပြချက်တွင်လည်း PDFနှင့် ပကဖ၊ ပလဖ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသား တော်လှန်ရေးတပ်များ အတူတကွ တိုက်ပွဲဝင်နေကြသည့် လက်နက်ကိုင်တော်လှန်ရေးသည် အရှိန်အဟုန်တဖြည်းဖြည်း မြင့်သထက်မြင့်လာသည်ဟု အသိပေးသည်။
ယခင်ကလက်နက်ဆယ်ဂဏန်းဖြင့် ပြောက်ကျား တိုက်ပွဲများ ဝင်ခဲ့ကြရသော်လည်း ပြီးခဲ့သည့်နှစ်နှစ်တာအတွင်းလူအင်အားရာဂဏန်းအချို့ အသုံးပြုပြီး ရန်သူ့စခန်းအချို့ကို သိမ်းနိုင်ခဲ့ဟု ကိုမုန်ပီးက ပြောသည်။
“ဒါပြည်နယ်ဒေသတွေမှာ ဖြစ်ရိုးဖြစ်စဉ်တခုသာဖြစ်ပေမယ့် ၂၀၂၁မှ စပြီးပြန်တော်လှန်ရတဲ့ ပြည်မဒေသ မြေပြန့်ဒေသ လွင်ပြင်ဒေသတွေအတွက်ဆိုရင်တော့ အဆင့်ဆင့်ပြောင်းလဲတိုးတက်မှုပဲဖြစ်တယ်။ ပြီးခဲ့တဲ့ တနှစ်တာကာလလောက်က စပြီး အထူးသဖြင့် စစ်ကိုင်းတိုင်း အမှတ်(၁) စစ်ဒေသနဲ့ ရှမ်းမြောက်ကို အခြေပြုတဲ့ မန္တလေးတိုင်းအတွင်းမှာဆိုရင်လူအင်အားထောင်နဲ့ချီ ၊လက်နက်အင်အား ထောင်နဲ့ချီ ပါဝင်တဲ့ မြို့သိမ်းတိုက်ပွဲကြီးတွေကို စစ်နယ်ဝန်းတွေကို သိမ်းပိုက်နိုင်တဲ့ တိုက်ပွဲကြီးတွေကို ကျနော်တို့ စတင်ဖော်ဆောင်နိုင်ခဲ့တယ်။ ဒါတွေက ကျနော်တို့ တော်လှန်ရေးရဲ့ အဆင့်ဆင့် တိုးတက်ပြောင်းလဲမှုဖြစ်တယ်”ဟု ကိုမုန်ပီးက ပြောသည်။
၂၀၂၅တွင်လည်း မြေပြန်လွင်ပြင်ဒေသ၌လည်း ရန်သူကိုပြောက်ကျားတိုက်ခိုက်နိုင်ရုံသာမက စစ်ကြောင်းလိုက် ဖြုတ်နိုင်သည့်ဖြစ်စဉ်များ မကြာခဏ မြင်တွေ့ရသည်မှာ အားလုံးအသိပင်ဖြစ်ပြီး မြန်မာပြည်တောင်ဘက်ခြမ်း၌လည်း စစ်တောင်းမြစ်ကို ကျော်လွန်ပြီးရန်သူ့ စခန်း ၅ ခု၊၆ခုကို တပြိုင်တည်း စီးနင်း တိုက်ခိုက်နိုင်သည့် အနေအထား မြင်တွေ့ရပြီဖြစ်ကြောင်း၎င်းကပြောသည်။ တချိန်တည်း၌ ရခိုင်ရိုးမကိုကျော်ပြီး မကွေးတိုင်းထဲ၌ ထင်မှတ်မထားသည့် တိုက်ခိုက်မှုများ ဖော်ဆောင်နိုင်နေပြီဖြစ်ကြောင်းလည်း တမူးခရိုင်အမှတ်(၄) တပ်ရင်းမှတပ်မှူးကပြောသည်။
