မတ်-၂၈၊၂၀၂၅။ဒီဒီး၊သတိုး/People’s Spring
အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့က ဗလီ ၃၀ထက်မနည်း ပြိုကျပျက်စီးမှုဖြစ်ခဲ့ပြီး လူထိခိုက်သေဆုံးမှုများတယ်လို့ မန္တလေးမြို့က အစ္စလာမ်ဘာသာဝင်တွေက ပြောပါတယ်။
ဒီကနေ့(မတ်လ ၂၈ရက်) နေ့လယ်ပိုင်းမှာ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့လို့ မန္တလေးမြို့ပေါ်က ဗလီ အနည်းဆုံး ၃၀ထက်မနည်း ပြိုကျပျက်စီးခဲ့ရပြီး အဲဒီထဲက အချို့ဟာ နှစ်ပေါင်း ၁၀၀ကျော်ရှိတဲ့ ဗလီတွေလို့ မန္တလေးမြို့က အစ္စလာမ်ဘာသာဝင်တွေက ပြောပါတယ်။
“မန္တလေးမှာဗလီတွေက နှစ်ပေါင်းတစ်ရာကျော်တို့ နှစ်ပေါင်းငါးဆယ်ကျော်တို့ အဓိကဖြစ်နေတဲ့ ဗလီတွေပေါ့။ အဲဒါတွေက ပြင်ခွင့်လည်းရထားတာမရှိတော့။ ဒီလိုအချိန်မှာ အခုက ဥပုသ်ကာလမှာ ဘုရားကျောင်းမှာ သောကြာနေ့ ဝတ်ပြုမှုတွေရှိနေတာ။ အဲဒီ့အချိန်မှာ ပြိုကျတဲ့ကိစ္စတွေဖြစ်တာ။ ဖြစ်တော့ ဗလီမှာသေဆုံးမှုတွေရှိတယ်”လို့ မန္တလေးမြို့က အစ္စလာမ်ဘာသာဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement
ဗလီတစ်ခုမှာ သုံး၊လေးဦး သေဆုံးမှုရှိတယ်လို့ ကြားသိရပြီး အရေအတွက်များလို့ စုစုပေါင်းအရေအတွက်ကို မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
” ရွှေဘုန်းရှိန်ဗလီဆို မဟာမြတ်မုနိဘုရားကြီးနားမှာရှိတဲ့ ဗလီဆို တော်တော်လည်းကြာတဲ့ ဗလီတစ်ခုပါ။ အဲဒီဗလီဆို ပြိုသွားတယ်။ပြိုသွားတဲ့ အချိန်မှာ ဆယ်ယောက်ကျော်လောက် သေဆုံးသွားတယ်။ အဲဒီလိုအခြေအနေဖြစ်နေပါတယ်”လို့ မန္တလေးမြို့က အစ္စလာမ်ဘာသာဝင်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကိုင်းမြို့မှာ ဗလီ ငါးခုရှိပြီး လေးခုက ပြိုကျပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
” အဲဒီ့မှာ ပိတ်မိသူတွေရှိတယ်။ အဓိကဖြစ်နေတာက သောကြာနေ့ ဝတ်ပြုမှုဖြစ်နေတဲ့အချိန်မှာပြိုကျတဲ့အတွက်တော့ ထိခိုက်မှုများတဲ့ အခြေအနေမှာရှိနေတယ်။ အဲဒါတော့ နောက်ဆုံးသိရတဲ့အခြေအနေပါ”လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
ပြင်းအားရစ်ချ်တာစကေး ၇ ဒဿမ ၇အဆင့်ရှိတဲ့ အင်အားကြီး မြေငလျင် ဒီနေ့(မတ်လ ၂၈ ရက်) မွန်းလွဲပိုင်း ၁၂ နာရီ ၅၀ မိနစ်က မြန်မာနိုင်ငံအလယ်ပိုင်း ၊မန္တလေးမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ် သွားတာကြောင့် အဆောက်အဦးတွေ ပြိုကျပျက်စီးသွားပါတယ်။
အမေရိကန် ဘူဗိလေ့လာရေးဌာန (USGS)ရဲ့တိုင်းတာချက်အရ ဒီနေ့မွန်းလွဲပိုင်းက မန္တလးမြို့အနီး ကို ဗဟိုပြုပြီး အင်အားကြီးငလျင် နှစ်ခု ၁၂ မိနစ်ခန့်ခြားပြီး ရှေ့ဆင့်နောက်ဆင့် လှုပ်ခတ်သွားတာပါ။
ကနဦးငလျင်က ပြင်းအားရစ်ချ်တာစကေး ၇ ဒဿမ ၇ရှိတဲ့ ငလျင်ကြီးက မန္တလေးမြို့ တဖက်ကမ်း စစ်ကိုင်းမြို့ ၊ ရေခါးအင်းကိုဗဟိုပြုပြီး မြေအနက် ၆မိုင်ခန့် က လှုပ်ခတ်သွားတာပါ။
နောက်ဆက်တွဲ ငလျင်က ၁၂မိနစ်သာခြားပြီး မန္တလေးမြို့ ၊တံတားဦးမြို့နယ် ထဲက မန္တလေးလေဆိပ် နားကို ရစ်ချ်တာစကေး ၆ ဒဿမ၄ ပြင်အားရှိတဲ့ ငလျင်ကြီး ထပ်မံလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က ငလျင်သတင်းထုတ်ပြန်ရာမှာ ငလျင်က စစ်ကိုင်းမြို့ အနီးကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာလို့ဖော်ပြထားပြီး စစ်ကိုင်း ၊မန္တလေး ၊ နေပြည်တော်၊ တောင်ကြီး ၊ ပဲခူးတို့မှာ လူသေဆုံးမှုတွေနဲ့ ထိခိုက်ပျက်စီးမှုတွေ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
အင်အားပြင်းငလျင်ရဲ့ နောက်ဆက်တွဲ အနေနဲ့ ငလျင်ငယ်တွေ လှုပ်ခတ်နိုင်တာကြောင့် ယိုင်နဲ့သွားတဲ့ အဆောက်အဦးတွေထဲမှာ ဆက်မနေကြဖို့ ၊ငလျင်ကြောင့် ဆည်တာတမံတွေ အက်ကွဲမှု ရှိ၊မရှိကိုစစ်ဆေးပြီး လိုအပ်ရင် ကြိုတင်ရွေ့ပြောင်းကြဖို့ NUGက သတိပေးထားပါတယ်။




















































