မတ်-၂၈၊၂၀၂၅။ဒီဒီး/People’s Spring
အင်အားပြင်းငလျင်လှုပ်ခတ်အပြီးမှာ စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ကံကြီးကျေးရွာအနီးကို လေကြောင်းကနေ သုံးကြိမ်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေက လူထုနွေဦးကို ပြောပါတယ်။
ဒီကနေ့(မတ်လ ၂၈ရက်) မွန်းလွဲပိုင်းမှာ အင်အားပြင်းငလျင်လှုပ်ခတ်အပြီး နေ့လယ် ၁နာရီခွဲ နဲ့ ၂ နာရီကြားမှာ စစ်ကောင်စီက ကံကြီးကျေးရွာအနီးကို လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအချို့ ထိခိုက်မှုရှိတယ်လို့ ကြားသိရပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
“အပေါ်က လေယာဉ်၊ အောက်က ငလျင် တကယ့်အတွေ့အကြုံပဲ”လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဒီကနေ့မှာ အင်အားကြီးမားတဲ့ငလျင်လှုပ်ခတ်ခံရတာကြောင့် တစ်နိုင်ငံလုံးက ပြည်သူတွေ ထိတ်လန့်တုန့်လှုပ်နေချိန်မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တာလို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက မြေငလျင်ကြောင့် အရေးပေါ်အခြေအနေ ကြေညာတဲ့ဒေသ ၆ ခုထဲမှာရှမ်းပြည်နယ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းကိုထည့်သွင်းထားပေမယ့် အဲဒီဒေသက နောင်ချိုကို ဗုံးကြဲခဲ့တာဖြစ်ပါတယ်။
အလားတူစစ်ကောင်စီဟာ အရေးပေါ်အခြေအနေ ကြေညာတဲ့ ပဲခူးတိုင်း ၊ဖြူမြို့နယ် ထဲက စစ်တောင်းမြစ် အရှေ့ဘက် ကမ်းက ကျေးရွာတွေကိုလည်း မြေငလျင်ကြီး လှုပ်ပြီးနာရီပိုင်းအကြာ မွန်းလွဲ ၂နာရီခွဲ နဲ့ ၃ နာရီအတွင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ် ။အဲဒီဘက်က ကျေးရွာတွေကို မတ် ၂၈ ရက်နေ့ပါဆိုရင် စစ်တပ်က ၃ ရက်ဆက်ဗုံးလာကြဲနေတာလို့ ဒေသခံ တချို့ကပြောပါတယ်။
အမေရိကန် ဘူဗိလေ့လာရေးဌာန (USGS)ရဲ့တိုင်းတာချက်အရ ဒီနေ့မွန်းလွဲပိုင်းက မန္တလးမြို့အနီး ကို ဗဟိုပြုပြီး အင်အားကြီးငလျင် နှစ်ခု ၁၂ မိနစ်ခန့်ခြားပြီး ရှေ့ဆင့်နောက်ဆင့် လှုပ်ခတ်သွားတာပါ။
ကနဦးငလျင်က ပြင်းအားရစ်ချ်တာစကေး ၇ ဒဿမ ၇ရှိတဲ့ ငလျင်ကြီးက မန္တလေးမြို့ တဖက်ကမ်း စစ်ကိုင်းမြို့ ၊ ရေခါးအင်းကိုဗဟိုပြုပြီး မြေအနက် ၆မိုင်ခန့် က လှုပ်ခတ်သွားတာပါ။
နောက်ဆက်တွဲ ငလျင်က ၁၂မိနစ်ခန့်သာခြားပြီး မန္တလေးမြို့ ၊တံတားဦးမြို့နယ် ထဲက မန္တလေးလေဆိပ် နားကို ရစ်ချ်တာစကေး ၆ ဒဿမ၄ ပြင်အားရှိတဲ့ ငလျင်ကြီး ထပ်မံလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က ငလျင်သတင်းထုတ်ပြန်ရာမှာ ငလျင်က စစ်ကိုင်းမြို့ အနီးကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာလို့ဖော်ပြထားပြီး စစ်ကိုင်း ၊မန္တလေး ၊ နေပြည်တော်၊ တောင်ကြီး ၊ ပဲခူးတို့မှာ လူသေဆုံးမှုတွေနဲ့ ထိခိုက်ပျက်စီးမှုတွေ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
အင်အားပြင်းငလျင်ရဲ့ နောက်ဆက်တွဲ အနေနဲ့ ငလျင်ငယ်တွေ လှုပ်ခတ်နိုင်တာကြောင့် ယိုင်နဲ့သွားတဲ့ အဆောက်အဦးတွေထဲမှာ ဆက်မနေကြ
ဖို့ ၊ငလျင်ကြောင့် ဆည်တာတမံတွေ အက်ကွဲမှု ရှိ၊မရှိ ကိုစစ်ဆေးပြီး လိုအပ်ရင် ကြိုတင်ရွေ့ပြောင်းကြဖို့ NUGက သတိပေးထားပါတယ်။


















































