Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ချေမှုန်းရေး NUGကာကွယ်ရေးအောက် မဟာမိတ်တပ်ရင်းတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်မည်ဟု ကလေးခရိုင်ပကဖ ထုတ်ပြန်

ချင်းပြည်နယ်၏ ဒုတိယအကြီးဆုံးမြို့တစ်မြို့ဖြစ်သော ဖလမ်းမြို့သိမ်းတိုက်ပွဲအား ပါဝင်ဆင်နွှဲခဲ့ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့(ဧပြီ ၁၂ရက်) တွင် ထုတ်ပြန်အသိပေးခဲ့ပြီး တိုက်ပွဲအတွင်း တပ်ရင်း၊ဖွဲ့အသီးသီးမှ တိုင်းပြည်နှင့်လူမျိုးအတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ကြရသော ပြည်သူ့ရဲဘော်များအားလုံးကို လေးစားစွာ အလေးပြု ဂုဏ်ပြုကြောင်း ဖော်ပြသည်။

“လိုအပ်လို့ရှိရင် နေပြည်တော်အထိလည်း ကျနော်တို့ ချီတက်သွားဖို့ ဖြစ်ပါမယ်”

— ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ

ဧပြီ ၁၂၊၂၀၂၅။ ဟန်နွေ/People’s Spring

ချင်းပြည်နယ်၏ ဒုတိယအကြီးဆုံးမြို့တစ်မြို့ဖြစ်သော ဖလမ်းမြို့သိမ်းတိုက်ပွဲအား ပါဝင်ဆင်နွှဲခဲ့ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့(ဧပြီ ၁၂ရက်) တွင် ထုတ်ပြန်အသိပေးခဲ့ပြီး တိုက်ပွဲအတွင်း တပ်ရင်း၊ဖွဲ့အသီးသီးမှ တိုင်းပြည်နှင့်လူမျိုးအတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ကြရသော ပြည်သူ့ရဲဘော်များအားလုံးကို လေးစားစွာ အလေးပြု ဂုဏ်ပြုကြောင်း ဖော်ပြသည်။

ထို့ပြင် “စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးဆင်နွှဲနေသော နွေဦးတော်လှန်ရေးအား အဆုံးထိတိုင် မဆုတ်မနစ်သောဇွဲဖြင့်အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)လက်အောက်၌ မဟာမိတ် တပ်ရင်း၊ဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဂတိပြုပါသည်” ဟု ကလေးခရိုင်ပကဖ ကထုတ်ပြန်သည်။

ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီကလည်း စစ်ကိုင်း၊ ယောဒေသ၊မကွေး အပါအင်အညာဒေသရှိ လူငယ်ရဲဘော်များသည် တောင်ပေါ်ဒေသသို့လာပြီး အသက်ကို ပဓာနမထားဘဲ ဖလမ်းမြို့လွတ်မြောက်ရေး ကြိုးပမ်းမှုသည် ၂၀၂၁ တော်လှန်ရေး၏ထူးခြားချက်ဖြစ်ကြောင်း People’s Spring နှင့် သီးသန့်တွေ့ဆုံမေးမြန်းမှု၌ ပြောပြထားသည်။

Public Service Announcement

Public Service Announcement

“ကျနော်တို့ တိုင်းရင်းသား ချင်းဆိုတဲ့ သူတွေကလည်း ကျနော်တို့ ချင်းပြည်လွတ်မြောက်လို့ရှိရင် ကျနော်တို့ CB က အမြဲတမ်းပြောတဲ့ဟာက ကောင်းမွန်တဲ့ အိမ်နီးချင်းကို ပိုင်ဆိုင်ချင်တယ်။ ချင်းပြည်ဆိုရင် စစ်ကိုင်းတိုင်းနဲ့ ထိစပ်တယ်။ယောဒေသနဲ့လည်းထိစပ်တယ်။ နောက်ပြီးတော့ မကွေးတိုင်းနဲ့လည်းထိစပ်တယ်။ နောက်ပြီးတော့ ရက္ခိုင်ပြည်နယ်နဲ့လည်းထိစပ်တယ်။ အဲဒီမှာ ရှိတဲ့ လက်နက်ကိုင်တွေနဲ့ ကျနော်တို့ ပူးပေါင်းမှာပဲ။ ပူးပေါင်းပြီးတော့ လိုအပ်လို့ရှိရင် အညာဒေသမှာလည်း ကျနော်တို့ ရဲဘော်တွေ လွှတ်ပြီးတော့ မြန်မာနိုင်ငံကြီး ပြည်ထောင်စုပြန်လည်ပြီးတော့ ပြည်ထောင်စုအသစ်ကြီး ပြန်လည်ဖြစ်ပေါ်လာအောင် ကျရာကဏ္ဍက ဆောင်ရွက်သွားဖို့ သံဓိဌာန်ချထားတာရှိပါတယ်”ဟု ဆလိုင်းတီမီက ပြောသည်။

လက်ရှိတွင် တိုင်းရင်းသားတော်လှန်ရေးတပ်များသည် တိုင်းရင်းသား ဒေသများသာမက လိုအပ်သည့်နေရာဒေသများသို့ ဆက်လက်ချီတက်တိုက်ပွဲဝင်မည်ဟု ဆိုသည်။

“လိုအပ်လို့ရှိရင် နေပြည်တော်အထိလည်း ကျနော်တို့ ချီတက်သွားဖို့ ဖြစ်ပါမယ်။ ဒါပေမဲ့အခုအချိန်မှာ ကျတော့ အများကြီးအာကျယ်ပြီးတော့ ပြောဖို့တော့ မဟုတ်သေးဘူး။ ကျနော်တို့ ရည်မှန်းချက်ထားတာကတော့ အဲဒီလိုတော့ရှိတယ်။ အညာဒေသမှာရှိတဲ့လက်နက်ကိုင်တွေလည်း တောင်ပေါ်မှာလည်း တိုက်တာပဲ။ ဘယ်နေရာမဆို တိုက်တာပဲ။ ပြည်သူတွေကို ပြောချင်တာကတော့ ၂၀၂၁ က ပေါ်ပေါက်လာတဲ့ တော်လှန်ရေး ပြည်သူတွေရဲ့ ပါဝင်မှု အသီးအပွင့်တွေက ၂၀၂၄၊ ၂၀၂၅မှာ မြင်နေရပြီ”ဟုဆလိုင်းတင်မီက ပြောကြားသည်။

ကလေးခရိုင်ပကဖ၏ ထုတ်ပြန်ချက်တွင် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပကဖ ) ရုံး အထူးတိုက်ခိုက်ရေးနှင့် လက်ရုံး တပ်ဖွဲ့၊ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပကဖ) ရုံး Drone Team (Wings Of Kalay)နှင့် ကလေးမြို့နယ် မြို့ပြစီမံချက်(UG)တပ်ဖွဲ့တို့သည် ၂၀၂၄ ဇူလိုင်မှ စတင်၍ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွက် ချင်းညီနောင်(CB)အဖွဲ့နှင့် လေ့ကျင့်ပြင်ဆင်ခဲ့ဟု အသိပေးထားသည်။

ဖလမ်း မြို့သိမ်းတိုက်ပွဲအဖြစ် ချင်းညီနောင် (CB)စစ်ဆင်ရေးအဖွဲ့နှင့် အခြားပူးပေါင်းမဟာမိတ် တပ်ဖွဲ့များ နှင့်အတူ ၂၀၂၄ နိုဝင်ဘာ ၉ ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ ယခု ဧပြီ ၈ရက် တွင် အပြီး သိမ်းနိုင်ခဲ့ဟု ဖော်ပြသည်။

ဖလမ်းတိုက်ပွဲ၌ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အထူးတိုက်ခိုက်ရေးနှင့် လက်ရုံးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးကာ ၁၀ဦးဒဏ်ရာရခဲ့ကြောင်း၊ကလေးမြို့နယ်မြို့ပြစီမံချက် (UG)တပ်ဖွဲ့မှ ရဲဘော် ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ယခုသိမ်းပိုက်နိုင်ခဲ့သည့် ဖလမ်းမြို့သည် ချင်းပြည်နယ်၏ ဒုတိယအကြီးဆုံး မြို့တစ်မြို့ဖြစ်ပြီး လမ်းမြို့ရှိ ခလရ (၂၆၈)တပ်ရင်းသည် စစ်ကောင်စီမှ ဗျူဟာမှူးအဆင့်ထိုင်၍ ကွပ်ကဲသော တပ်အထိုင်ဗျူဟာကုန်း ဖြစ်သည်ဟုဆိုသည်။

ဖလမ်းမြို့သည် ချင်းပြည်နယ်မြို့တော် ဟားခါးမြို့နှင့် စစ်ကိုင်းတိုင်း၏ ဒုတိယအကြီးဆုံး စစ်ဌာနချုပ်ဖြစ်သည့် ကလေးမြို့ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) အထိုင်နှစ်ခုကြာ မြေပြင်ဆက်သွယ်ရေး၊ ထောက်ပို့လမ်းကြောင်းတွင် အဓိကခရာကျ မြို့လည်းဖြစ်ကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအဖွဲ့တွေအချင်းချင်းပွတ်တိုက်မှု ပိုများလာတာကို အချိန်မီပြင်ဆင်ဖို့လိုပြီး ဘုံရန်သူ စစ်အာဏာရှင်ကိုမမေ့ဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)ဥက္ကဌ ခွန်းဗဟန်းထန်က သတိပေးပြောလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၁၂)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်အပြင် ဖိုဝါဒနဲ့ ဖိနှိပ်မှုမှန်သမျှကိုလည်း ဆန့်ကျင်တော်လှန်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ မတ်လ ၈ရက်မှာ တိုက်တွန်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ဒေသအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ နယ်မြေမငြိမ်သက်တဲ့ကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၂၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။