Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကိုကြိုတင်မခန့်မှန်းနိုင်ကြောင်း စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီး ရက်၂၀ကျော်အကြာတွင် စစ်ကောင်စီ ထုတ်ပြန်

ငလျင်သည် ကြိုတင်မခန့်မှန်းနိုင်သော သဘာဝဘေးမျိုးဖြစ်ကြောင်း အင်အားပြင်းစစ်ကိုင်းငလျင်ကြီး လှုပ်ခတ်အပြီး ၂၁ရက်အကြာတွင် စစ်ကောင်စီ လက်အောက်ခံမိုးဇလဌာနက ပထမဆုံးအကြိမ်ထုတ်ပြန်သည်။

မတ်လ ၂၈ရက်က ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့ပေါ်၌ အဆောက်အအုံများပြိုကျပြီး လမ်းမပေါ် ဆိုင်ကယ်မောင်းနင်သူများပါ လဲကျခဲ့စဉ်။ ဓာတ်ပုံ − CJ

ဧပြီ ၁၈၊၂၀၂၅။ခွာညို/‌People’s Spring

ငလျင်သည် ကြိုတင်မခန့်မှန်းနိုင်သော သဘာဝဘေးမျိုးဖြစ်ကြောင်း အင်အားပြင်းစစ်ကိုင်းငလျင်ကြီး လှုပ်ခတ်အပြီး ၂၁ရက်အကြာတွင် စစ်ကောင်စီ လက်အောက်ခံမိုးဇလဌာနက ပထမဆုံးအကြိမ်ထုတ်ပြန်သည်။

မတ်လ ၂၈ရက်က လှုပ်ခဲ့သော စစ်ကိုင်းငလျင်ကြီးအပြီး နောက်ထပ်အင်အားပြင်းငလျင်များ ထပ်လှုပ်မည်ဟု ကောလာဟလမျိုးစုံ ထွက်ပေါ်နေခဲ့သော်လည်း မိုးဇလက ယနေ့(ဧပြီလ ၁၈ရက်) ညနေ ၂နာရီခန့်တွင် ပထမဆုံးအကြိမ် ထုတ်ပြန်ခြင်းဖြစ်သည်။

” ငလျင်သည် မည်သည့်အချိန်၊ မည်သည့်နေရာတွင် လှုပ်ရှားမည်ကို ယနေ့အချိန်ထိ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံ၊ မည်သည့်ငလျင်ပညာရှင်မှ တိတိကျကျ ကြိုတင်မခန့်မှန်းနိုင်သော သဘာဝဘေးတစ်မျိုး ဖြစ်ပါသည်”ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ငလျင်နှင့်ပတ်သက်၍ သိရှိလိုသည်များရှိပါက မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဖုန်းနံပါတ် ၀၆၇-၃၄၁၁၂၆၉ နှင့် ၀၆၇-၃၄၁၁၂၅၃ တို့သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ကြောင်း ဖော်ပြထားသည်။

” မိုးဇလလည်း ငလျင်ဘေးသင့်ခဲ့တယ်ထင်တယ်။ အခုမှ ထကြေညာတယ်လေ။ နောက်ကျပေမယ့် အခုလို ကြေညာတာ ကောင်းပါတယ်”ဟု မန္တလေးမြို့မှ ငလျင်ဘေးသင့်ဒေသခံတစ်ဦးက ပြောသည်။

ငလျင်သည် မည်သည့်ပညာရှင်ကမျှ ကြိုတင်ခန့်မှန်း၍မရသော်လည်း မြန်မာနိုင်ငံမှ လူမှုကွန်ရက်သုံးစွဲသူများကြားတွင် ငလျင်လှုပ်မည့်ခန့်မှန်းချက်များ ပုံစံမျိုးစုံဖြင့် ပျံ့နှံ့နေသည်။ သဘာဝဘေးနှင့် ရာသီဥတုအကြောင်း ဗဟုသုတနည်းပါးသူများက ယုံကြည်ပြီး စိုးရိမ်မှုများရှိနေကြသည်။

ငလျင်သည် ကြိုတင်ခန့်မှန်း၍မရကြောင်း ဘူမိကျွမ်းကျင်သူများက သတင်းမီဒီယာများနှင့် လူမှုကွန်ရက်မှတစ်ဆင့် ရှင်းပြကြသော်လည်း ကောလာဟလက ဆက်လက်ပျံ့နေသည်။

မတ်လ ၂၈ရက်က မန္တလေးနှင့် စစ်ကိုင်းကိုဗဟိုပြုလှုပ်ခဲ့သော ရစ်ခ်တာစကေး ၇ဒဿမ၇ အဆင့်ငလျင်ကို စစ်ကိုင်း၊မန္တလေး၊ နေပြည်တော်၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် အဆိုးရွားဆုံးခံစားခဲ့ရပြီး လူပေါင်း ၄၀၀၀နီးပါး သေဆုံးခဲ့သည်။

အင်အားပြင်းထန်သောငလျင်ဖြစ်၍ နောက်ဆက်တွဲငလျင်များ ဆက်လှုပ်နေသည်။

ထိုငလျင်များအနက် အချို့သည် လှုပ်ရှားမှုပြင်းထန်ပြီး ကြံ့ခိုင်မှုမကောင်းသော အထပ်မြင့်အဆောက်အအုံအချို့ ပြိုကျမှုဖြစ်ခဲ့သည်။ နောက်ဆက်တွဲငလျင် အကြိမ်ရေ ထောင်ချီလှုပ်နိုင်ကြောင်း အမေရိကန်ဘူမိလေ့လာရေး အသင်း USGS က သတိပေးထားသည်။

ယနေ့အထိ နောက်ဆက်တွဲငလျင် အကြိမ် ၁၄၀ကျော်လှုပ်ခဲ့ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

ငလျင်ဘေးသင့်ဒေသများတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ၊ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု၊ အပျက်အဆီးရှင်းလင်းခြင်း၊ လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးကဏ္ဍများအတွက် စိန်ခေါ်မှုများ ကြုံတွေ့နေရပြီး နောက်ဆက်တွဲ ငလျင်များ၏အန္တရာယ်ကို သတိပြုရန်အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။