Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲပြင်းထန်နေသည့် ကော့ကရိတ်မြို့တွင် စစ်ကောင်စီက မြို့ခံပြည်သူတစ်ထောင်ကျော်အား ဓားစာခံအဖြစ်ထိန်းထားပြီး ထွက်ခွင့်မပေး

မြို့မကျောင်းဆရာတော်က ပြည်သူများထွက်ခွာခွင့်ပေးရန် စစ်ကောင်စီထံတောင်းဆိုသော်လည်းထွက်ခွင့်မ​ပေး

ကော့ကရိတ်မြို့အား ၂၀၂၄ မတ်လကုန်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ − People's Spring

ဧပြီ ၁၉၊၂၀၂၅၊ကိုပုဂံ/People’s Spring

တိုက်ပွဲပြင်းထန်နေသည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် စစ်ကောင်စီက မြို့ခံပြည်သူတစ်ထောင်ကျော်အား ဓားစာခံအဖြစ် ထိန်းထားပြီး မြို့ပြင်သို့ထွက်ခွင့်မပေးကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ကော့ကရိတ်မြို့ဝန်းကျင်နှင့် ကော့ကရိတ်မြို့မှ ဒေါနတောင်ပေါ် တောနောရေတံခွန်အထိ နေရာယူထားသော အောင်ဇေယျစစ်ကြောင်းအား အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊PDFပူးပေါင်းတပ်များက အပိုင်းလိုက်ဖြတ်တောက်ထားပြီး ယခုရက်ပိုင်းအတွင်း အဆိုပါနေရာများတွင် နေ့စဉ်တိုက်ပွဲများ ပြင်းထန်နေသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် KNLA၊PDFပူးပေါင်းတပ်များသည် ကော့ကရိတ်မြို့ဝန်းကျင်နှင့် ကော့ကရိတ်နှင့် ဒေါနတောင်ကြားတွင် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

KNLA၊PDFပူးပေါင်းတပ်များသည် ကော့ကရိတ်မြို့ဝန်းကျင်အား ပိတ်ဆို့ထား၍ မြို့သိမ်းတိုက်ပွဲဖြစ်လာသည့်အပေါ် ကြောက်လန့်နေသည့် စစ်ကောင်စီက မြို့နေပြည်သူများအား ဓားစာခံအဖြစ် ပိတ်ဆို့ထားခြင်းဟု ကရင်စစ်ရေးသတင်းရင်းမြစ်က သုံးသပ်သည်။

” ကော့ကရိတ်မှာပြည်သူ တစ်ထာင်ကျော် ပိတ်မိနေတယ်။ စကစက လုံးဝပေးမထွက်ဘူး။ ပြည်သူကို ဓားစာခံလုပ်တဲ့ သဘောပဲ”ဟု ၎င်းက ပြောသည်။

ကော့ကရိတ်မြို့ရှိ မြို့မဘုန်းတော်ကြီးကျောင်း ဆရာတော်က ပြည်သူများအား ထွက်ခွာခွင့်ပေးရန် စစ်ကောင်စီထံ တောင်းဆိုသော်လည်း စစ်ကောင်စီက လက်မခံကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကော့ကရိတ်မြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၃ ဒီဇင်ဘာ ၁ရက်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လေးလတာတိုက်ခိုက်ပြီးနောက် မြို့၏ ၇၀ရာခိုင်နှုန်းအထိ တော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်က မြို့လယ်ရှိ အမှတ်(၉၇)ခြေလျင်တပ်ရင်း ဌာနချုပ်နေရာ၌သာ စုဝေးနေရသည်။ ကျန်အပိုင်းများကို PDFများက ထိန်းချုပ်ထားခဲ့သည်။

သို့သော် ၂၀၂၄ ဧပြီလပိုင်းတွင် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့၍ တော်လှန်ရေးတပ်ဖွဲ့များက မြို့တွင်းမှ ဆုတ်ခွာပေးခဲ့ရသည်။

ထိုအချိန်ကစ၍ စစ်ကောင်စီက မြို့ကိုပြန်လည်စိုးမိုးပြီး မြို့ခံများအား ပြန်လည်နေထိုင်ရန် အတင်းအဓမ္မခေါ်ဆောင်ခဲ့သည်။ ပြန်လည်လာရောက်ခြင်းမရှိပါက နေအိမ်များ ချိတ်ပိတ်မည်ဟု ခြိမ်းခြောက်အကြပ်ကိုင်ခဲ့သည်။

ထို့ကြောင့် မြို့ခံအချို့မှာ ပြန်လည်ဝင်ရောက်နေထိုင်ခဲ့ကြသည်။

သို့သော် ၂၀၂၅ ဖေဖော်ဝါရီကစ၍ တော်လှန်ရေးတပ်များက ကော့ကရိတ်မြို့ဝန်းကျင်ကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်လာရာမှ နေ့စဉ် တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။

အထိနာနေသော စစ်ကောင်စီတပ်က မြို့နေပြည်သူများအား ထွက်ခွာခွင့်မပေးဘဲ တားဆီးပိတ်ဆို့ထားခြင်းဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

” ကော့ကရိတ်က ကြေနေပြီ။ နေတဲ့သူကလည်း အခုထွက်မရတော့ဘူး။ စကစက ပိတ်ထားတယ်ကြားတယ်”ဟု ကော့ကရိတ်မြို့အနီးရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။