ဧပြီ ၂၂၊၂၀၂၅။ဟန်နွေ/People’s Spring
ငလျင်ဘေးကြောင့် အပစ်ရပ်ကာလတစ်ပါတ်ထပ်တိုးမည်ဟု စစ်ကောင်စီကကြေညာခဲ့သည့် ဧပြီ ၂၂ရက်တွင် အာဏာသိမ်းစစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်း ၊နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူများ၏ နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။
စစ်ကောင်စီက ဧပြီ ၂ရက်မှ ၂၂ရက်ထိ ယာယီအပစ်ရပ်စဲကြောင်း ပထမအကြိမ် ထုတ်ပြန်ခဲ့စဉ်ကလည်း နေ့စဉ် လေကြောင်း တိုက်ခိုက်မှုများ နိုင်ငံတဝန်း လုပ်ဆောင်ခဲ့သည်။ အပစ်ရပ်မည်ဟုကြေညာသည့် ရက် (၂၀)ပြည့်နေ့ဖြစ်ပြီး အပစ်ရပ် ကာလ တစ်ပါတ်ထပ်တိုးကြောင်း ကြေညာခဲ့သည့် ဧပြီ ၂၂ရက်တွင်လည်း စစ်ကောင်စီက အုမ္မတီးကျေးရွာရှိ ပြည်သူလူထုနေအိမ်များကို ဦးတည်ပြီးလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူလူထုများ၏ နေအိမ်ငါးလုံး ထိမှန်ပျက်စီးဆုံးရှုံးခဲ့ရဟု တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်သည်။
စစ်ကောင်စီသည် ဧပြီ ၂၃ရက်မှ ၃၀ရက်အထိ အပစ်ရပ်သက်တမ်းတိုးကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

Public Service Announcement
စစ်ကောင်စီသည် ဧပြီ ၂၁ရက်ကလည်း နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာရှိ အမှတ်(၉၀၂)အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ- ၉၀၂)အနီး တိုက်ပွဲဖြစ်ပွားနေချိန် အဆိပ်ငွေ့ဗုံး (၁၅)လုံးကြဲချ လေကြောင်းတိုက်ခိုက်ခဲ့ဟု TNLAက အသိပေးထားသည်။
ထိုသို့ အဆိပ်ငွေ့ဗုံးအသုံးပြု တိုက်ခိုက်ခဲ့၍ TNLAတပ်သား ၁ဝဦး ထိခိုက်ဒဏ်ရာရပြီး သုံးဦး ဒဏ်ရာပြင်းထန်ခဲ့ဟု ဆိုသည်။
အဆိပ်ငွေ့ဗုံးဒဏ်သင့် TNLAတပ်သားများသည် မူးဝေခြင်း၊ အသက်ရှုမြန်ဆန်ခြင်း၊ မအီမသာဖြစ်ခြင်း၊စိတ်လှုပ်ရှား မြန်ဆန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျခြင်း စသည့် ဝေဒနာများ ခံစားခဲ့ရပြီး ဆေးကုသမှု ခံယူနေဟု အသိပေးသည်။
စစ်ကောင်စီသည် အပစ်ရပ်စဲကြောင်း ကြေညာခဲ့သည့်ကာလအတွင်း TNLAအုပ်ချုပ်သော မြိုနယ်များကို စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိဟု ထုတ်ပြန်သည်။
TNLAနှင့် မဟာမိတ်များဖြစ်သော ကိုးကန့်တပ်မတော်(MNDAA)၊ အာရက္ခတပ်တော်(AA) တို့သည်လည်း ယခု ဧပြီတစ်လလုံးကို တဖက်သတ် အပစ်ရပ်စဲကြောင်း ကြေညာထားသည်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကလည်း စစ်ကောင်စီ အပစ်ရပ်ကြေညာခဲ့သည့် ဧပြီ ၂ရက်တွင် ဧပြီ ၂၂ရက်အထိ ထိုးစစ်မပြုလုပ်ဘဲ ခုခံကာကွယ်မှုသာ ပြုလုပ်မည်ဟု အပစ်ရပ်စဲကြောင်း ကြေညာခဲ့သည်။ သို့သော် စစ်ကောင်စီသည် KIA နယ်မြေကို လေကြောင်းတိုက်ခိုက်ခြင်းအပြင် မြေပြင်ထိုးစစ်များ ပြုလုပ်ခဲ့၍ ဖားကန့်မြို့နယ် လဝါးရွာနှင့် ဝိုင်းမော်မြို့နယ် လမြန်ဒေသ၌ တိုက်ပွဲဖြစ်ခဲ့ဟု KIAက အသိပေးထားသည်။
စစ်ကောင်စီသည် အပစ်ရပ်ကြေညာခဲ့သော်လည်း တရက်မှ အပစ်ရပ်ခြင်းမရှိခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး စစ်ကောင်စီက ကိုယ်တိုင်ကြေညာထားသည့် အပစ်ရပ်စဲရေးကို ကိုယ်တိုင်စည်းဖောက်သည့် လုပ်ရပ်များ လုပ်ဆောင်ခဲ့ဟု ပြောကြားထားသည်။
ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ခံ ကလည်း စစ်ကောင်စီ၏ အပစ်ရပ်စဲရေး ကြေညာချက်ကို အယုံအကြည်မရှိကြောင်း၊ ပြည်သူများအနေဖြင့် အလုပ်နှင့်အပြော မညီသည့် စစ်ကောင်စီကို မယုံကြည်ဘဲ လေကြောင်းရန် ကာကွယ်ရေးအတွက် ဗုံးခိုကျင်းများ ခိုင်မာစွာတည်ဆောက်ထားရန် တိုက်တွန်းထားသည်။
စစ်ကောင်စီသည် မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ သပိတ်ကျင်း၊ စဉ့်ကူး၊ မတ္တရာ၊ မိုးကုတ်မြို့များကို အပစ်ရပ်ကြေညာထားသည့် ကာလအတွင်း လေကြောင်း တိုက်ခိုက်မှု အကြိမ် ၂၀ကျော်ပြုလုပ်ခဲ့ရာ ပြည်သူ ၄၀ဦးကျော် သေဆုံးကာ အများအပြား ဒဏ်ရာရရှိထားသည်။
စစ်ကောင်စီ၏ အပစ်ရပ်ကြေညာမှုသည် အပြောနှင့်အလုပ်မညီ၊ နိုင်ငံရေးစိတ်စေတနာမရှိသည့် ဟန်ပြသာဖြစ်ကြောင်း မွန်၊ ကရင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကလည်း ထုတ်ပြန်ပြောထားသည်။
