ဧပြီ၂၈၊၂၀၂၅။ရဲခေါင်/People’s Spring
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း၌ ကျောက်တုံးပြိုကျပြီး စစ်ရှောင်ပြည်သူတစ်ဦးသေဆုံးကာ နေအိမ်အချို့ပျက်စီးမှုရှိကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။
ယနေ့(ဧပြီ ၂၈ ရက်)နေ့လည် ၂နာရီခန့်က မိုးသွန်းရွာပြီးနောက် ငါးပေပတ်လည်ခန့်ရှိမည့် ကျောက်တုံးတစ်လုံးသည် စစ်ရှောင်ပြည်သူများနေထိုင်ရာ နေအိမ်များပေါ်သို့ လိမ့်ကျခဲ့ခြင်းဟု ဆိုသည်။
“ငလျင်ဒဏ်နောက်ဆက်တွဲကြောင့် တောင်ပေါ်က ကျောက်တုံးတွေ မခိုင်မာတော့ မိုးကထပ်ရွာခဲ့တာကြောင့် လိမ့်ကျလာတယ်လို့ ယူဆရပါတယ်”ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ကျောက်တုံးပြို ကျမှုဖြစ်စဥ်နှင်ပတ်သက်၍ ပြောသည်။

Public Service Announcement
ဖြစ်စဥ်ကြောင့် စစ်ဘေးရှောင်အဖိုးတစ်ဦး သေဆုံးခဲ့ပြီး စစ်ရှောင်နေအိမ်အချို့ပျက်စီးခဲ့ရသည်။
လက်ရှိအခြေအနေအရ ကျောက်တောင်အနီး နေထိုင်ကြသည့် စစ်ဘေးရှောင်များလည်း တာဝန်ရှိသူများအနေဖြင့် သတိပေးရန်လိုကြောင်းလည်း ဒေသခံအချို့က တိုက်တွန်းထားသည်။
“ကျွန်တော်တို့ စစ်ရှောင်ဘဝလည်း လေယာဉ်ရန် ကြောက်ရလိုက်။လက်နက်ကြီးရန် ကြောက်ရလိုက်။သဘာဝဘေး ကြောက်ရလိုက်နဲ့။အခုလည်း ကျောက်တုံးလိမ့်ကြလို့။လူသေဆုံးရသလို စစ်ရှောင်ပြည်သူအိမ်လည်း ပျက်စီးခဲ့ရပြီ”ဟု ဒီးမော့ဆိုမြို့နယ်၌ စစ်ရှောင်အရေးကူညီပေးနေသူက ပြောသည်။
မတ်လ ၂၈ ရက်က စစ်ကိုင်းငလျင်ကြီးဒဏ်ကြောင့် ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်း၌ အကျယ်၊အနက် ပေ ၁၀၀ကျော်ရှိသည့် တွင်းနက်ကြီးတစ်ခုလည်း ဖြစ်ပေါ် ထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်၌ စစ်ရှောင်နေရသည့် ပြည်သူသုံးသိန်းခန့်ရှိကာ အများစုမှာ အရေးပေါ်ဆေးဝါး နှင့် စားနပ်ရိက္ခာများ လိုအပ်နေသည်။
