ဓနုတပ်လှုပ်ရှားရာ ကျောက်ဂူဒေသကို အဆိပ်ငွေ့ဗုံးနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်
မေ ၂၁၊၂၀၂၅။ထားမြတ်/People’s Spring
အပစ်ရပ်ထားသည်ဆိုသည့်စစ်ကောင်စီတပ်က ရှမ်းပြည်နယ်မြောက်၊ နောင်ချိုမြို့နယ် ဟိုခိုကျေးရွာကို ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅ဝ) ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော် (TNLA)က ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် ယမန်နေ့(မေလ ၂၀ရက်) ညနေ ၄ နာရီကျော်တွင် PSLF/TNLA အုပ်ချုပ်သော ဟိုခိုကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲချခဲ့ခြင်းဟု ဆိုသည်။ အဆိုပါဗုံးကြောင့် ဒေသခံပြည်သူ၏ နေအိမ်တစ်လုံး ထိမှန်ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement
ပြီးခဲ့သည့် မေလ ၁၈ရက်လည်း နောင်ချိုမြို့နယ်၊ ဒိုးပင်အုပ်စု၊ ရတနာသင်္ဂီကျေးရွာအနီးကိုလည်း ပေါင်(၂၅ဝ)ဗုံး ခြောက်လုံးကြဲချတိုက်ခိုက်ခဲ့သေးသည်။
ထို့အပြင် မေလ ၁၁ရက်က နောင်ချိုမြို့နယ်အတွင်းရှိ ရှဲဆန်သတ္တုကုမ္မဏီအား တိုက်လေယာဉ်ဖြင့် ပေါင် (၅ဝဝ)ဗုံး နှစ်လုံးကြဲချတိုက်ခိုက်မှုတွင် ကုမ္မဏီအသုံးပြုနေသော ဘတ်ဖိုး တစ်စီး၊ သတ္တုထုတ်စက် တစ်လုံး၊ စက်ပစ္စည်းများထားရှိသောဂိုဒေါင် တစ်လုံးနှင့် အခြားသောပစ္စည်းများစွာ ထိမှန်ပျက်စီးခဲ့ပြီး စုစုပေါင်းကာလတန်ဖိုး တရုတ်ငွေ ၁၆၈ဝဝဝဝယွမ် ပျက်စီးဆုံးရှုံးခဲ့ဟု TNLAက အသိပေးထားသည်။
တရုတ်အစိုးရကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် TNLAအကြား အပစ်ရပ်စဲရေး ဆွေးနွေးအပြီး စစ်ကောင်စီက နောင်ချိုအပါအဝင် TNLA ထိန်းချုပ်မြို့ရွာများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။
နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေါ့ ၊ မန်တုံမြို့နယ်များကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့သည့်အပြင် ဒရုန်းဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့၍ ပြည်သူ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။
တဖက်တွင် စစ်ကောင်စီက ငလျင်ဘေးအကြောင်းပြပြီး မေလကုန်အထိ အပစ်ရပ်စဲကြောင်း ကြေညာထားသော်လည်း PSLF/TNLA အုပ်ချုပ်သောမြို့နယ်များကို မြေပြင်ထိုးစစ်ဆင်ခြင်း၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများပစ်ခတ်ခြင်း၊ဒရုန်း၊ လေကြောင်းတို့ဖြင့် နေ့စဉ် တိုက်ခိုက်လျက်ရှိဟု TNLAက အသိပေးသည်။
ထိုကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ရန်စစ်ရေးသတိအမြဲရှိရန်လိုအပ်ကြောင်း ထပ်လောင်း အသိပေးထားသည်။
ထို့အပြင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)လှုပ်ရှားနေသော ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်ကျေးရွာအနီးရှိကျေးရွာများတွင် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးများ၊ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း DPLAက ယနေ့(မေလ ၂၁ရက်) သတင်းထုတ်ပြန်သည်။
ယမန်နေ့ (မေလ ၂၀ရက်) နေ့လည်နှင့် မွန်းလွဲပိုင်းတွင် စစ်ကောင်စီက အဆိပ်ငွေ့ဗုံး ငါးလုံး ကြဲချခဲ့ပြီး DPLA တပ်များရှိရာ လက်နက်ကြီးဖြင့် နှစ်လုံးပစ်ခတ်ခဲ့ဟု ဖော်ပြသည်။
စစ်ကောင်စီတပ်သည် နိုင်ငံတကာမှ တားမြစ်ကန့်သတ်ထားသော အဆိပ်ငွေ့ဗုံးများအသုံးပြု၍ စစ်ရာဇဝတ်မှုဥပဒေချိုးဖောက်မှုများမကြာခဏပြုလုပ်လျက်ရှိပြီး DPLA၏ မဟာမိတ်TNLAတပ်များထိန်းချုပ်ထားသောနယ်မြေတွင်လည်း ပြည်သူလူထုအားပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသည်ဟု ထုတ်ပြန်သည်။
ကျောက်ဂူတိုက်နယ်ကျေးရွာအနီးတွင် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်နေကြောင်းလည်း ဖော်ပြသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ ဒေသတွင်း စစ်ရေး အခြေအနေများ နှင့်ပတ်သက်ပြီး မေးမြန်းရန် DPLA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူအား ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

















































