မေ ၂၄၊၂၀၂၅။ဇော်ရမ်း/People’s Spring
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊မင်းစုကျေးရွာကို စစ်ကောင်စီတပ်က ယနေ့(မေလ ၂၃ရက်)ညနေပိုင်းတွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုတွင် ကလေးငယ် ခုနစ်ဦးအပါအဝင် စုစုပေါင်း သေဆုံးသူ ၁၄ဦးအထိရှိလာပြီ ဖြစ်သည်။
မေလ ၂၃ရက် ညနေ၂ နာရီ ၄၅မိနစ်ခန့်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူ ၂၀ဦးထက်မနည်း ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ယင်းတို့အနက်မှ ၁၄ဦး သေဆုံးခဲ့ခြင်းဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူတစ်ဦးက ပြောသည်။
” ကျနော်ကလေးလေးတွေ ပါသွားတယ်။ သူတို့ ကျနော့်လက်ထဲမှာဘဲ ဆုံးသွားတယ်။ ကယ်ဆယ်ရေးလုပ်နေတဲ့အချိန်မှာလည်း လေယာဉ်ရော၊ ဒရုန်းရော ဝဲနေခဲ့ပြီး တော်တော်ကိုရက်စက်တဲ့ တိုက်ခိုက်မှုဖြစ်ပါတယ်ဗျာ”ဟု မင်းစုရွာမှ ကျောင်းဆရာတစ်ဦးက ပြောသည်။

Public Service Announcement
သေဆုံးသူများမှာ (၅)နှစ်အောက် မူကြိုအရွယ်ကလေးငယ် ၂ဦး၊ Grade-1မှ G−7အတွင်း ကျောင်းသား၊ကျောင်းသူ ၅ဦး၊ ဒေသခံ အမျိုးသမီးနှင့်အမျိုးသား စုစုပေါင်း ခုနစ်ဦး ဖြစ်သည်။ ထို့အပြင် ဆေးကုသမှု ခံယူနေရသူ ရှစ်ဦးရှိပြီး သုံးဦးမှာ အသက်အန္တရာယ်အလွန်စိုးရိမ်နေရသည်ဟု သတင်းရရှိသည်။
မင်းစုကျေးရွာသည် မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ၊ သာစည်ကျေးရွာအုပ်စုတွင် ဝင်ပါဝင်ပြီးတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခြင်းဟု ဒေသခံများက ပြောသည်။


















































