မေ ၃၁၊၂၀၂၅။ရဲခေါင်/People’s Spring
မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စစ် ကောင်စီတပ်စစ်ကြောင်းအား ကြားဖြတ် တိုက်ခိုက်ရာ တပ်သားတစ်ဦးအရှင်ဖမ်းမိပြီး ကားတစ်စီး၊ ရုပ်အလောင်းအချို့နှင့် လက်နက်ခဲယမ်းများရရှိကြောင်း Taung Tha People Defense Forceက ယနေ့(မေလ ၃၁ရက်) ထုတ်ပြန်သည်။
တိုက်ခိုက်မှုဖြစ်စဥ်အရ မေလ ၂၇ ရက် ည ၉ နာရီခန့်တွင် တောင်သာမြို့မှ ဝဲလောင်ကျေးရွာသို့ ရိက္ခာပို့ထွက်ခွာလာသော စစ်ကောင်စီအင်အား ၃၀ပါ ကားနှစ်စီးအား လမ်းပိုင်းတစ်နေရာတွင် တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။
ကားတစ်စီးပေါ်မှ စစ်ကောင်စီတပ်သားများသည် ထိခိုက်ဒဏ်ရာများဖြင့် မောင်းပြေးသွားသော် လည်း ကျန်ကားတစ်စီးအား ပစ်ခတ်သိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။

Public Service Announcement
နယ်မြေရှင်းလင်းရေးလုပ်ရာတွင် အရှင်တစ်ဦး ဖမ်းမိပြီး၊ စစ်ကောင်စီတပ်သား အလောင်းနှစ်လောင်း၊ သေနတ်တစ်လက်နှင့် ကားတစ်စီးသိမ်းရရှိခဲ့ကြောင်း ဖော်ပြသည်။
ဖမ်းမိစစ်သုံ့ပန်း၏ထွက် ဆိုချက်အရ သိမ်းရသည့် ကားပေါ်ပါ စစ်ကောင်စီတပ်သားများလည်း ထိခိုက်ဒဏ်ရာများဖြင့် ကစဥ့်ကလျားထွက်ပြေးသွားကြောင်း Taung Tha People Defense Forceက ထုတ်ပြန်သည်။
“ကျောက်ပန်းတောင်းနဲ့ မြင်းခြံလမ်းပိုင်းကို ထိန်း ချုပ်ချင်လို့ ဝဲလောင်ကို စခအင်အားဖြည့်တာလို့ပြောရနိုင်တယ်။ကြားထဲတိုက်ခံရပြီး မြို့ပေါ်ပြန်ပြေးတယ်လည်းကြားရတယ်”ဟု တောင်သာမြို့နယ်စစ်ဘက်သတင်းရင်းမြစ်က စစ်ကောင်စီတပ်ကူကားများ တိုက်ခိုက်ခံရသည့်အခြေအနေကို လူထုနွေဦးသို့ ရှင်းပြသည်။
မေလ ၂၈ ရက်ကလည်း တောင်သာမြို့ပေါ် ရှိ စစ်ကောင်စီတပ်နှင့် ပတ်သက်သည့် ရုံးဌာနများ အား တော်လှန်ရေးတပ်များက ဝင်ရောက်စီးနင်းခဲ့သည်။
ထို့အပြင် မေလ ၁၉ ရက်က တောင်သာမြို့ပေါ် မင်္ဂလာဦးဂိတ်အား ဝင်ရောက်စီးနင်းမှုတွင်လည်း စစ်ကောင်စီတပ်သားများ သေဆုံးပြီး ဝန်ထမ်းအိမ်ယာရှိ စစ်ကောင်စီထောက်တိုင်အချို့ကို တော်လှန်ရေးအင် အားစုများက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီတပ်က တောင်သာမြို့နှင့် မြို့အနီးတစ်ဝိုက်ကျေးရွာများအပါအဝင် အလယ်ချိုင့်(တ)ကျေးရွာရှိ ဂတ်စ်ပိုက်လိုင်း အနီး အင်အားများစွာတိုးချထားပြီး စစ်ကြောင်းထိုးရန် လုပ်ဆောင်နေကြောင်းလည်းသိရသည်။
စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးအတွက် ပြည်သူလူထုအနေဖြင့် စစ်တွင်းကာလတစ်ခုအား မဖြစ်မနေဖြတ်သန်းကြရမည်ဖြစ်၍ အသက်အန္တရာယ် ကင်းစေရေးအတွက် ဗုံးခိုကျင်းများစနစ်တကျတူးဖော်ရန်လည်း လူထုလှုပ်ရှားမှုကော်မတီတောင်သာက ယနေ့(မေလ ၃၁ရက်) တိုက်တွန်းထားသည်။
မေလ ၁၅ရက်ကစ၍ တောင်သာမြို့နယ်အပါအဝင် မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊နွားထိုးကြီး နှင့် ငါးန်းဇွန်မြို့နယ်တို့၌ ခရိုင်အဆင့်စစ်ဆင်ရေးဆင်နွှဲနေသည်။


















































