မေ-၃၁၊၂၀၂၅။ကဖေး/People’s Spring
တရုတ်ရင်းနှီးမြှပ်နှံမှုစီမံကိန်းများတည်ရှိရာ ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး မေလ တတိယလပတ်အတွင်း တိုက်ပွဲများ၌ တပ်မ(၁၁)မှဗိုလ်မှူးချုပ်တစ်ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား သေဆုံးခဲ့ပြီး ဒု ဗိုလ်မှူးကြီးတစ်ဦး နှင့် စစ်သုံ့ပန်းများကိုလည်း အာရက္ခတပ်တော်((AA)ကဖမ်းဆီးနိုင်ခဲ့သည်။
မေလ ၂၇ရက်နေ့က ကျောက်ဖြူမြို့၊ အမှတ် ၃၂ ရဲတပ်ရင်းကာကင်းစခန်းဖြစ်စောနှမ်းဖဲတောင်စခန်းသိမ်းတိုက်ပွဲ၌ တပ်မ(၁၁)၊ ခြေမြန်တပ်ရင်း ဌာနချုပ်မှ ဗိုလ်မှူးချုပ် ကျော်မျိုးအောင်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ခြင်းဖြစ်သည်။

ဗိုလ်မှူးချုပ် ကျော်မျိုးအောင်မှာ AA လက်ဖြောင့်သေနတ်သမားကပစ်ခတ်သောကျည်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။

Public Service Announcement
ထို့အပြင် မေ ၃၀ ရက်နေ့ကကျောက်ဖြူမြို့နယ်၊ မင်းတက်တောင်ကျေးရွာအနီးတိုက်ပွဲတွင် ဒုတိယ ဗိုလ်မှူးကြီး ကျော်လင်းကြိုင် နှင့် စစ်သုံ့ပန်း ၃၀ ထက်မနည်း AAကဖမ်းဆီးနိုင်ခဲ့သည်ဟု စစ်ရေးအခြေအနေသိသော ဒေသခံအချို့ကပြောသည်။
“AAက ထိုးစစ်တိုက်နေတာမဟုတ်ဘူး။ စကစက မြေပြင်ဆင်းလာပြီးတိုက်နေတာ။ စကစလည်း စစ်ကျွန်ပြီး ပြန်ဆုတ်မရတော့ ဖရိုဖရဲဖြစ်နေတာ။ ဖမ်းမိထားတဲ့ အရာရှိပိုင်းတွေ ရှိသေးတယ်။ အခုက ကျတော်တို့ အတည်ပြုနိုင်သလောက်စာရင်းပါ”ဟု ဒေသခံသတင်းရင်းမြစ်ကပြောသည်။
ဗိုလ်မှူးချုပ် ကျော်မျိုးအောင်သည် ကျောက်ဖြူသို့ စစ်ကူပို့ခံရသည့် တပ်မ(၁၁)၊ ခြေမြန်တပ်ရင်း ဌာနချုပ်မှ ဖြစ်ပြီး မသေဆုံးမီက ဗိုလ်မှူးကြီးအဆင့်ဖြစ်ကာ သေပြီးမှဗိုလ်မှူးချုပ်ရာထူးတိုးပေးခံရခြင်းဖြစ်သည်ဟု စစ်ရေးလေ့လာသူတစ်ဦးကပြောသည်။
ဒုဗိုလ်မှူးကြီး ကျော်လင်းကြိုင်သည်တိုင်းစစ်ဦးစီးမှူး (ပထမတန်း)ဖြစ်ပြီး ကျောက်ဖြူမြို့၊စက်မှု၊လက်မှုသင်တန်းကျောင်းအတွင်းတပ်စွဲပြီး AAရှိရာနေရာအား စစ်ကြောင်းထိုးစဉ် ဖမ်းဆီးခံလိုက်ရခြင်းဟုသတင်းရရှိသည်။
“သူနဲ့အတူ အရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေ တော်တော်များများပိတ်မိသွားတာ။ ၃၀ထက်မနည်းဘူး။ အဲဒီထက်လည်းများနိုင်တယ်” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

ထို့အပြင် ဗိုလ်မှူးကြီးအဆင့်ရှိ နောက်ထပ်ဗျူဟာမှူးတစ်ယောက်လည်းAAကဖမ်းမိထားပြီး သတင်းမထုတ်ပြန်သေးခြင်းဟု၎င်းက ပြောသည်။
AAသည်ကျောက်ဖြူမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့်ဇန်နဝါရီလမှစတင်၍ဖြည်းဖြည်းချင်းအရှိန်မြင့်ခဲ့သည်။ ဓညဝတီရေတပ်စခန်းဌာနချုပ်အနီး ကာကင်းများကို သိမ်းယူနိုင်သည်အထိ စစ်ရေးအသာစီးရခဲ့ပြီးနောက် မတ်လ ၂၈ရက်ကလှုပ်ခတ်သောစစ်ကိုင်းငလျင်ကြီးကြောင့် အပစ်ရထားစဉ် စစ်ရေးအရှိန်လည်း လျော့ကျသွားခဲ့သည်။
ကျောက်ဖြူမြို့တွင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း၊ မြန်မာ-တရုတ်ရေနံပိုက်လိုင်းစီမံကိန်းစသော ရင်နှီးမြှပ်နှံမှုတန်ဖိုးကြီးမားသည့်စီမံကိန်းကြီးများရှိသည်။အထူးစီးပွားရေးဇုန် စီမံကိန်းအကောင်အထည်ဖော်ရေး နောက်ဆက်
တွဲစာချုပ်ကိ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂၆ရက်တွင် စစ်ကောင်စီက သက်တမ်းတိုးချုပ်ဆိုထားပြီး လာမည့် ရပ်အနည်းငယ် ၂၀၂၅ခုနှစ် ဇွန်လ ၂၅ရက်တွင် သက်တမ်းတိုးကာလပြည့်မည်ဖြစ်သည်။
ကျောက်ဖြူမြို့အနီးအထိ တိုက်ပွဲများပြင်းထန်လာချိန်တွင် မတ်လ ၁၁ရက်တွင် နေပြည်တော်၌ ပြုလုပ်သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့အစည်းအဝေး၌စစ်ကောင်စီဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို အောင်မြင်အောင်ဆောင်ရွက်ရန် ပြောခဲ့သည်။
တိုက်ပွဲပြင်းထန်နေစဉ်ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ လေကြောင်းမှရောက်ရှိလာသည်။အထူးစီးပွားရေးဇုန်နှင့်ရေနက်ဆိပ်ကမ်းစီမံကိန်းနေရာများတွင်တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးယူထားသည်ဟု မြို့ခံသတင်းရင်းမြစ်များကပြောသည်။
ယခုရက်ပိုင်းတိုက်ပွဲ၌ တရုတ်နိုင်ငံသားများအပါအဝင်အထူးစီးပွားရေးဇုန်မှ ဝန်ထမ်းအချို့ ထွက်ပြေးသွားကြောင်းသတင်းများထွက်ပေါ်နေသော်လည်း People’s Spring က သီးခြားအတည်မပြုနိုင်သေးပေ။AAအနေဖြင့် တရုတ်အစိုးရအပြင် နိုင်ငံတကာရင်းနှီးမြုပ်နှံမှုများကို အလေးထားကြောင်းနှင့် အကာအကွယ်ပေးသွားမည်ဟု တရားဝင် ထုတ်ဖော်ပြောကြားထားသည်။နိုင်ငံတကာရင်းနှီးမြုပ်နှံမှုများ မထိခိုက်အောင် AAက သတိထား၍ စစ်ရေးဖော်ဆောင်နေရသည်ဟု AAနှင့် နီးစပ်သည့် သတင်းရင်းမြစ်အချို့ကပြောသည်။
ကျောက်ဖြူမြို့အပြင် AAနှင့် စစ်ကောင်စီသည် စစ်တွေမြို့တွင်လည်း စစ်ရေးတင်းမာနေသည်။ ယင်းနှစ်မြို့စလုံးမှ တိုက်ပွဲသတင်းများကို AAက အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိသော်လည်း စစ်ကောင်စီထိုးစစ်များကို ခုခံနေပြီး တိုက်ပွဲပြင်းထန်နေကြောင်း ပြီးခဲ့သည့် ဧပြီလ ၅ရက်က ထုတ်ပြန်ထားသည်။
ယခုရက်ပိုင်း ကျောက်ဖြူမြို့၌ စစ်ကောင်စီအရာရှိများအား ဖမ်းဆီးမှုမတိုင်မီ AA နောက်ဆုံးဖမ်းမိထားသည့် စစ်ကောင်စီအရာရှိမှာ အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ်၊ယာယီနည်း ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်ဖြစ်သည်။ ၎င်းကို ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီး ပြီးခဲ့သည့်မတ်လက တိုက်ပွဲ၌ AA နှင့် ပူးပေါင်းတပ်များက ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် AAသည် မြို့သိမ်းတိုက်ပွဲများတွင် စစ်သုံ့ပန်းထောင်ချီ၍ဖမ်းဆီးထားပြီး ယင်းတို့အထဲတွင် စစ်ကောင်စီ၏ဗိုလ်မှူးချုပ်အဆင့် လေးဦးအထိ ပါဝင်နေသည်။
မောင်တောမြို့သိမ်းတိုက်ပွဲတွင် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူးဗိုလ်မှူးချုပ်သူရိန်ထွန်း၊အမ်းမြို့မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အား သိမ်းယူသည့်တိုက်ပွဲ၌ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊၂၀၂၄ ဖေဖော်ဝါရီလဆန်းပိုင်းက ကျောက်တော်၊ မြောက်ဦး၊မင်းပြားမြို့နယ်များမှစကခ (၉) လက်အောက်ခံတပ်ရင်းများကို AAက တိုက်ခိုက်စဉ်စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို အရှင်ဖမ်းဆီးမိခဲ့သည်။
ထို့အပြင် ၂၀၂၄ ဖေဖော်ဝါရီလအတွင်း တိုက်ပွဲ၌ မြောက်ဦး ခမရ (၃၇၇) အား တိုက်ခိုက်သိမ်းပိုက်စဉ် တပ်မ (၁၁) တပ်မမှူးဗိုလ်မှူးကြီး မင်းမင်းထွန်း သေဆုံးပြီး ပလက်ဝအခြေစိုက်စကခ(၁၉)၊ ရှေ့တန်းဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေသည် ကျဆုံး၊ ပျောက်ဆုံး၊ ရေထဲနစ်မြုပ်၊ ထွက်ပြေးလွတ်မြောက် သွားသည်ကိုအတည်ပြု၍ မရနိုင်ကြောင်း၊ နှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုးကို တိုက်ပွဲကာလများတွင် သေနတ်ဒဏ်ရာများဖြင့် အသေဖမ်းဆီးရမိခဲ့သည်ဟု AA က ထုတ်ပြန်ခဲ့သည်။
၂၀၂၄ဒီဇင်ဘာလက AA၏ ဂွမြို့သိမ်းတိုက်ပွဲတွင်လည်း တပ်မ (၂၂)တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးနှင့်တပ်မ(၁၁) တပ်မမှူး ဗိုလ်မှူးကြီးသန်းစိုးဝင်း၊ဒီဇင်ဘာလ ၈ရက်က မောင်တောမြို့မြို့နယ်ခြားစောင့်တပ်ဖွဲ့ခွဲ-နခခ(၅)အား သိမ်းယူစဉ် ထွက်ပြေးသည့် ဗိုလ်မှူးကြီးအောင်နေမျိုးတို့ သေဆုံးခဲ့သည်ဟု AAက ထုတ်ပြန်ခဲ့သည်။
နပခတိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးသည် စစ်တွေမြို့တွင်ရှိနေကြောင်း သတင်းရရှိသည်။
ကျောက်ဖြူမြို့နယ်တွင် ဓညဝတီရေတပ်စခန်းအပြင် တောင်မော်ကြီးရေတပ်စခန်းနှင့် အုန်းကျွိန်ရေတပ် စခန်းတို့အပြင် ခလရ (၃၄)၊ ခမရ (၅၄၂)၊ ခမရ (၅၄၃)၊ အမှတ် (၃၂) ရဲတပ်ရင်းတို့ရှိသည်။
ထို့အပြင် စစ်မှုထမ်းသင်တန်းဆင်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များကို အဓိကထားရှိသည့် စစ်စစ်ရေးဂိတ်များလည်းရှိနေသည်။စစ်တပ်အခိုင်အမာနေရာယူထားသည့်တပ်ရင်းများ ရှိနေသေး၍ AA၏ ကျောက်ဖြူမြို့သိမ်းတိုက်ပွဲသည် ခက်ခဲနိုင်သေးကြောင်းလည်း စစ်ရေးလေ့လာသူတဦးကပြောသည်။
“ခက်ခဲပေမယ့် နောက်ဆုံးမှာ AAက အနိုင်ယူသွားလိမ့်မယ်။ AAအကြောင်းလည်း ခများတို့ သိကြတာပဲ” ဟု ၎င်းက သုံးသပ်ပြောကြားသည်။


















































