ဇွန်-၂၊၂၀၂၅။အိမ်သွင်/People’s Spring
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းသည် စစ်ကောင်စီ၏ ဖမ်းဆီးခံရပြီးနောက်ပိုင်း ၅လကျော်ကြာသည်အထိ သတင်းအစအနပျောက်နေပြီး ယခုအခါ စစ်ကောင်စီစစ်ကြောရေး၌ သေဆုံးသွားပြီဟု သတင်းများထွက်ပေါ်နေသည်။
ရွာငံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ကိုယ်စားပြု ၍ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရခဲ့သော ဦးအောင်စိုးမင်းသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ပြင်ဦးလွင်၌ဖမ်းဆီးခံရခြင်းဖြစ်ပြီး ယင်းအချိန်ကတည်းက သတင်းအစအနပျောက်နေခြင်းဖြစ်သည်။
“ဦးအောင်စိုးမင်းက ရှောင်တိမ်းနေရာကနေ သူ့အမေနာရေးကို ပြန်ရင်း အဖမ်းခံရတာ။ အိုးဖိုထောင်မှာလို့ကြားလို့ စုံစမ်းတော့လည်း သတင်းမရဘူး။ အခုကျ စစ်ကြောရေးမှာ ကျဆုံးသွားပြီလို့ သတင်းရတယ်”ဟု ဦးအောင်စိုးမင်း၏ မိတ်ဆွေတစ်ဦးကပြောသည်။

Public Service Announcement
ဦးအောင်စိုးမင်းသည် စစ်ကောင်စီစစ်ကြောရေး၌ သေဆုံးသွားပြီဟု သတင်းကို ကြားသိထားကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းမှ ၎င်း၏မိတ်ဆွေအချို့ကပြောသည်။ သို့သော် People’s Spring အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ဦးအောင်စိုးမင်း၏ မိသားစုဝင်များထံ ဆက်သွယ်မေးမြန်းရန်ကြိုးစားနေဆဲဖြစ်သည်။
“ဦးအောင်စိုးမင်းနဲ့ ပတ်သက်တဲ့သတင်းကို စစ်ကောင်စီအနေနဲ့ တိတိကျကျထုတ်ပြန်ပေးဖို့လိုပါတယ်။ အခုက ဘယ်ကိုလိုက်လို့လိုက်ရမှန်းလဲမသိဘူး။ လနဲ့ချီပြီး ပျောက်နေပြီး ကွယ်လွန်ပြီဆိုပြီးတော့မှ သတင်းပြန်ကြားရတာ”ဟု ရှမ်းပြည်နယ်မှ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးကပြောသည်။
စစ်ကောင်စီက ၄ နှစ်ကြာ အာဏာသိမ်းကာလအတွင်းဖမ်းဆီးသတ်ဖြတ်မှုကြောင့် NLD ပါတီဝင်လွှတ်တော်ကိုယ်စားလှယ် ၄ ဦးနှင့် ပါတီဝင် ၁၀၇ ဦးသေဆုံးခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၉၅ ဦးနှင့် ပါတီဝင် ၂,၄၉၆ ဦး ဖမ်းဆီးခံထားရကြောင်း NLD က ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင်သတင်းထုတ်ပြန်ခဲ့သည်။


















































