ဇွန် ၁၀၊ ၂၀၂၅။ကိုဘီဂျီ/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးက ကံကြီးကျေးရွာကနေ ဆုတ်ခွာလိုက်ရတဲ့ စစ်ကောင်စီတပ်နဲ့ ကံကြီးရွာအနီးပတ်ဝန်းကျင်မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။
မနေ့က(ဇွန်လ ၉ရက်) နံနက်မှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာလို့ ပိန္နဲကုန်းနဲ့ ကန်ကြီးကျေးရွာကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLAက ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီး (၂၇)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

Public Service Announcement
ဒါ့အပြင် ဇွန်လ ၈ရက်ကလည်း နောင်ချိုမြို့နယ်က ရှောက်ခြံကျေးရွာ၊ ကန်ကြီးကျေးရွာနဲ့ လက်ပန်ကုန်းကျေးရွာတို့ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၁၂)လုံး၊ လက်နက်ကြီး (၁၈)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLAက ထုတ်ပြန်ပါတယ်။
ဇွန်လ ၇ရက်ကလည်းတအာင်းတပ်မတော် TNLA ရှိရာ ကန်ကြီးကျေးရွာ၊ ညောင်တောနဲ့ နောင်ချိုကြီးကျေးရွာတို့မှာလည်း တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ကကံကြီးရွာကို ခေတ္တသိမ်းပိုက်ရခဲ့ပါသေးတယ်။ ဒါပေမယ့် တော်လှန်ရေးတပ်တွေက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် ကံကြီးကျေးရွာကို ညပိုင်းမှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။စစ်ကောင်စီတပ်တွေဟာ ဇွန်လ ၇ရက်မှာဘဲ ကံကြီးရွာကို သိမ်းပိုက်ခဲ့ပြီး ညပိုင်းမှာ တပ်ပြန်ဆုတ်သွားရတဲ့ အခြေအနေဖြစ်ပါတယ်။
အဲဒါကြောင့် ဇွန်လ ၉ရက်တိုက်ပွဲတွေမှာ ကံကြီးနဲ့ ပိန္နဲကုန်းရွာကြားမှာ တိုက်ပွဲဆက်ဖြစ်ခဲ့တယ်လို့ ဖော်ပြထားတာပါ။
“ကံကြီးကို ဒီဘက်က ပြန်ရတယ်ဆိုတာလည်းမှန်တယ်။ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတော့ ကြောက်နေရသေးတယ်”လို့ နောင်ချိုမြို့ခံတစ်ဦးက ပြောပါတယ်။
မြို့နဲ့ တဖြည်းဖြည်းနီးကပ်လာတာရယ်၊ စစ်တပ်က ကံကြီးရွာနားကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာကြောင့် နောင်ချိုမြို့ခံတွေဟာ ဇွန်လဆန်းစပြီး နီးစပ်ရာမြို့ရွာတွေဆီကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ဇွန်လ ၆ရက် ညမှာ စစ်ကောင်စီတပ်က ကံကြီးရွာနားကနေ လက်နက်ကြီးတွေနဲ့ နောင်ချိုမြို့ ပေါ်ကို လှမ်းပစ်ရာ ၁၀လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၄ ရက်မှာလည်း စျေးရပ်ကွက်ကို လက်နက်ကြီးနဲ့ လှမ်းပစ်လို့ အမျိုးသမီး ၂ ဦးအပါအဝင် ပြည်သူ ၄ဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီးနေအိမ် ၂လုံးနဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းပျက်စီးခဲ့ပါသေးတယ်။
ညီနောင်မဟာမိတ် (၃)ဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူတွေနဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့ နေရာတွေမှာ ထိုးစစ်တွေကို ပြုလုပ်မှာ မဟုတ်ဘဲ တစ်ဖက်သတ်အပစ်ရပ်ကာလကို နောက်ထပ် (၁)လ သက်တမ်းထပ်တိုးကြောင်း ဇွန်လ (၂)ရက်မှာ ထုတ်ပြန် ကြေညာထားသော်လည်း စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်အတွင်းကို ထိုးစစ်ဆင်ခြင်း၊ စစ်အင်အားဖြည့်တင်းခြင်း၊ ဒရုန်းနဲ့ဗုံးကြဲချခြင်း၊ လေကြောင်းနဲ့ လက်နက်ကြီးတွေပစ်ခတ်တိုက်ခိုက်တာတွေ လုပ်နေတယ်လို့ TNLA က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့ကြောင့်မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုတွေရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်က ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းတွေလိုက်နားဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း အသိပေးထားပါတယ်။


















































