Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ရောက် စစ်ကောင်စီစစ်ကြောင်းကို KIA၊ KPDF ပူးပေါင်းတပ်တိုက်ခိုက်၊ စစ်ကောင်စီတပ် အထိနာ၊ တိုက်ပွဲဆက်ဖြစ်နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်အား ယမန်နေ့ (ဇွန်လ ၉ရက်) နံနက်ပိုင်းတွင် KIA၊ KPDF ပူးပေါင်းတပ်က တိုက်ခိုက်ရာ ၁၈ဦးထက်မနည်းသေဆုံးပြီး စစ်ကြောင်းလိုက် ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

ဇွန်-၁၀၊ ၂၀၂၅။ ကဖေး/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်အား ယမန်နေ့ (ဇွန်လ ၉ရက်) နံနက်ပိုင်းတွင် KIA၊ KPDF ပူးပေါင်းတပ်က တိုက်ခိုက်ရာ ၁၈ဦးထက်မနည်းသေဆုံးပြီး စစ်ကြောင်းလိုက် ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ နံနက် ၁၀နာရီခန့်တွင် ဖားကန့်မြို့နယ် လုံးခင်းတိုက်နယ် မဇွပ်ယာန်-ကထန်မှော်သွားလမ်းနှင့် ကုဋေမှော်အနီးတွင် KIA၊ KPDF ပူးပေါင်းတပ်က တိုက်ခိုက်ခြင်းဖြစ်သည်။

“ကထန်မှော်နား ထိပ်တိုက်တွေ့တဲ့တိုက်ပွဲမှာ ၁၀ဦးသေတယ်။ စနိုင်ပါနဲ့က ၂ဦး။ စိန်ပြောင်းနဲ့ပစ်တာမှာ ၃ဦး။ သူတို့ စစ်ကြောင်းရှေ့မတိုးဘဲ ပြန်ပြေးတယ်” ဟု KIA၊ KPDF တို့နှင့် နီးစပ်သူကပြောသည်။

Public Service Announcement

Public Service Announcement

ကုဋေမှော် ရေကန်အနီးတိုက်ပွဲတွင်မူ စစ်ကောင်စီစစ်ကြောင်းအား ဒရုန်းဖြင့်တိုက်ခိုက်ရာ ၃ဦးသေဆုံးပြီး ၄၀ မမနှင့် ပစ်ခတ်မှု၌လည်း သေဆုံးသူများရှိသည်ဟု ၎င်းကပြောသည်။

“စစ်ကြောင်းမှာက ၈၀လောက်ပါတာ။ မနေ့ကပစ်ခံရပြီး အလောင်းတွေ ပြန်ဆွဲသွားတယ်။ မှော်စီစာဘုရားကုန်းဘက် ပြန်ဆုတ်သွားပြီး ဒီနေ့မနက် ပြန်ထွက်လာပြန်ပြီ”ဟု KPDF သတင်းရင်းမြစ်က ပြောသည်။

ယနေ့ ထွက်ခွာလာသော စစ်ကောင်စီတပ် စစ်ကြောင်း၌ အင်အား ၆၀ခန့်ပါဝင်ပြီး မှော်စီစာဘုရားကုန်းမှ စျေးသစ်၊ အောင်သာယာ၊ တောင်ယာကုန်း၊ မလောင်ရွာဘက်သို့စစ်ကြောင်းထိုးနိုင်၍ ဒေသခံများသတိပြုကြရန် KPDF သတင်းရင်းမြစ်က သတိပေးသည်။

ယနေ့ နံနက် ၁၀နာရီခန့်တွင် အောင်သာယာကွက်သစ်ဘက်၌ တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး လက်နက်ကြီး၊လက်နက်ငယ်သံများကြားနေရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ နံနက်ကလည်း မော်စီစာကျေးရွာရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။ ထို့ကြောင့် ယမန်နေ့တစ်နေ့တည်းတွင် ဖားကန့်ဒေသ၌ စစ်ကောင်စီဘက်မှသေဆုံးသူ ၂၀ထက်မနည်းရှိခဲ့သည်။

ဖားကန့်ဒေသတွင်းနောက်ဆုံးအခြေအနေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ကာမိုင်း – လုံးခင်း – ဖားကန့်လမ်းအတိုင်း ဧပြီ ၂၃ရက်က ဝင်လာသည့်စစ်ကောင်စီစစ်ကြောင်းသည် ‌မေလ ၂၇ရက်တွင် လုံးခင်းယမ်းချက်စက်ရုံသို့ ရောက်ရှိလာပြီးနောက် မေလ ၂၈ရက်မှစ၍ လုံးခင်းပတ်ဝန်းကျင်တွင် စစ်ကြောင်းထိုးစဉ် တိုက်ပွဲဖြစ်ခဲ့သည်။ ၎င်းတို့အား တိုက်ခိုက်ပါက နေအိမ်များအား မီးရှို့မည်ဟုခြိမ်းခြောက်ပြီး ဖားကန့်သို့ဝင်ရောက်လာခဲ့ကြသည်။

မေလ ၂၉ရက် နေ့လယ်ပိုင်းတွင် ဖားကန့်သို့ရောက်ရှိလာကာ ကျောက်စိမ်းမှော်ဝန်းကျင်တွင် စစ်ကြောင်းထိုးရန်ကြိုးစားခဲ့သည်။

KIAနှင့် KPDF တပ်စွဲထားသည့်နေရာများကိုလည်း ဖယ်ရှားရန် ဖိအားပေးပြီး ကျောက်စိမ်းလုပ်ကွက်အချို့ကိုလည်းမီးရှို့ဖျက်ဆီးခဲ့သည်။ စစ်ကောင်စီစစ်ကြောင်းကို KIAနှင့် KPDF ပူးပေါင်းတပ်က ဇွန်လ ၅ရက်ကလည်း တိုက်ခိုက်ခဲ့သည်။

ဖားကန့်ကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီးနောက် ဒေသခံအချို့ တိမ်းရှောင်သွားကြပြီး အများစုသည် ဖားကန့်တွင်နေထိုင်ဆဲဖြစ်သည်။ စစ်ကောင်စီစစ်ကြောင်းများသည် အရပ်သားများနေထိုင်ရာနေရာများနှင့် ဘုန်းကြီးကျောင်းများ၌ တပ်စွဲထား၍ ယင်းလုပ်ရပ်ကို ဒေသခံများက ဝေဖန်နေကြသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် အရပ်သားနေထိုင်ရာနေရာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်ခဲ့သည်။ ဇွန်လ ၁ရက်မှ ၈ရက်အတွင်း စစ်ကောင်စီတပ်က ဖားကန့်ဒေသ၌ ပြည်သူများ နေထိုင်သည့်နေရာများကို ရည်ရွယ်ချက်ရှိရှိ မီးရှို့မှု ၁၁ကြိမ် ရှိခဲ့ပြီး လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပြည်သူ ၁၁ဦး သေဆုံးခဲ့ရသည်ဟု ​ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(KHRW)က ထုတ်ပြန်ထားသည်။

လက်ရှိဒေသတွင်းစစ်ရေးအခြေအနေအရ အရပ်သားပြည်သူများအနေဖြင့် ည ၉နာရီမှ မနက် ၄နာရီအတွင်း ပြင်ပသို့မထွက်ရန်၊ စစ်ကောင်စီစစ်ကြောင်းများအန္တရာယ်ကိုသတိပြုကြရန် KIA၊ KPDF ပူးပေါင်းတပ်က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ