ဇွန်-၁၂၊၂၀၂၅။ထားမြတ်/People’s Spring
တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထားသည့် နမ္မတူမြို့နယ် မန်လီကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ယနေ့မနက်အစောပိုင်း၌ လေကြောင်းမှ ပေါင် ၅၀၀ဗုံး နှစ်လုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း အပြင် စာသင်ကျောင်းနှင့် နေအိမ်အချို့လည်း ပျက်စီးခဲ့ဟု TNLAက ထုတ်ပြန်သည်။
ဇွန်လ ၁၂ရက် မနက်အစော ၁နာရီကျော်တွင် စစ်ကောင်စီက မန်လီကျေးရွာ ဘုန်းကြီးကျောင်းကိုတိုက်ပွဲဖြစ်ပွားမှုမရှိဘဲဖျက်အားပြင်းပေါင် ၅၀၀ ဗုံး ၂ လုံး ဖြင့်ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ လူထုများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်ခြင်းဖြစ်ဟု TNLAက အသိပေးထားသည်။
ပြည်သူများ စစ်ရေးသတိရှိရန်၊ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာကြရန်လည်းသတိပေးသည်။

Public Service Announcement
ယနေ့ စစ်ကောင်စီလေကြောင်း တိုက်ခိုက်ခဲ့သည် မန်လီကျေးရွာ ဘုန်းကြီးကျောင်းသည် ၂၀၂၃ ဒီဇင်ဘာ ၂၉ရက်က တကြိမ်၊ ၂၀၂၄ ဇန်နဝါရီ ၁၀ ရက်တွင် တကြိမ် စစ်ကောင်စီက လေကြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးသည်ဟု မန်လီကျေးရွာမှ ဆရာတော် ဦးပဏ္ဏ၀က မှတ်တမ်းဓာတ်ပုံများနှင့်အတူ လူမှုကွန်ရက်၌ ဖော်ပြ အသိပေးထားသည်။
ယနေ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း ဆောင် ၂လုံးနှင့် စာသင်ကျောင်း ဆောင် အချို့ ပျက်စီးခဲ့သည်။
၂၀၂၃ ဒီဇင်ဘာလ မန်လီကျေးရွာ လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် ကျောင်းဆရာမ ၁ဦး သေဆုံးခဲ့ဟု TNLAက အသိပေးထားသည်။
TNLAသည် နမ္မတူမြို့နယ်ကို၂၀၂၃ဒီဇင်ဘာ ၂၈ ရက်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး နမ္မတူ အပါအဝင် မြို့ပေါင်း ၁၂မြို့ကို သိမ်းနိုင်ခဲ့ရာ စစ်ကောင်စီက TNLA အုပ်ချုပ်ရာ မြို့ရွာများကို လေကြောင်း ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။
TNLAနှင့် စစ်ကောင်စီသည် တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် အပစ်ရပ်စဲရေး ဆွေးနွေးလျက်ရှိသော်လည်း ဆွေးနွေးမှုများ အဆင်မပြေသကဲ့သို့ စစ်ကောင်စီ၏ ထိုးစစ်၊ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုများ ဆက်တိုက်ရှိနေသည်ဟု TNLA တာဝန်ရှိသူအချို့က ပြောကြားထားသည်။
တရုတ်နိုင်ငံ ကူမင်းမြို့၌ ဧပြီလကုန်ပိုင်းတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် TNLAက ရောက်သည့်နေရာ၌ တပ်များ ရပ်ထားရန်၊ လေကြောင်း တိုက်ခိုက်မှု အပါအဝင် ထိုးစစ်ဆင်မှုမလုပ်ရန်၊ ပြည်သူများ လွတ်လပ်စွာ သွားလာခွင့်ပြုရန် အချက်များ အဆိုပြု ဆွေးနွေးထားပြီး စစ်ကောင်စီဘက်ကမူ TNLA သိမ်းထားသည့် မြို့၅ မြို့မှ ဆုတ်ခွာပေးရန် တောင်းဆိုရာ TNLA ကလက်မခံသဖြင့် သဘောတူညီချက်မရဘဲ ပြီးဆုံးခဲ့ကြောင်းထုတ်ပြန်ထားသည်။
တရုတ်၏ စီစဉ်မှုဖြင့် ဩဂုတ်လအတွင်း ထပ်မံတွေ့ဆုံရန် စီစဉ်ထားသော်လည်း TNLA ဘက်က ယခင်ရပ်တည်ချက်များအတိုင်း ဆွေးနွေးသွားမည်ဖြစ်ပြီး ပြည်သူနှင့်အတူ ရပ်တည်ကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လုပ်ဆောင်သွားမည်ဟု TNLA ဘက်က အသိပေးထားသည်။



















































