ဇွန်-၁၂၊၂၀၂၅။ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၇) ဌာနချုပ်နယ်မြေကို အာဏာသိမ်းစစ်ကောင်စီက အသေခံဒရုန်းအသုံးပြုပြီးထပ်မံ တိုက်ခိုက်လာရာ ဒရုန်း ၅စင်းပေါက်ကွဲခဲ့သော်လည်းလူ ထိခိုက်မှုမရှိကြောင်း KNU သတင်းရင်းမြစ်တဦးက ပြောသည်။
ဇွန်လ ၁၂ရက် နံနက်အစောတွင်စစ်ကောင်စီက ဒရုန်းအသုံးပြု တိုက်ခိုက်လာခြင်းဖြစ်သည်ဟုသိရသည်။
“တပ်မဟာ(၇)မှာပဲ။ အထိအခိုက်မရှိဘူး။ လာတာက ၇လုံးလာတာ။ အဆောက်အဦးမထိဘူး။ သူတို့ ပြောတာ ပေါက်တယ်လေ။ မပေါက်တာ ၂လုံး၊ ပေါက်တာ ၅လုံးလား ဒါပေမဲ့ ထိခိုက်မှုတော့ ဘာမှမရှိဘူး။သူတို့ကတော့ကိုယ့်ရန်သူကို လာပစ်တဲ့သဘောပေါ့။ကျနော်တို့ကတော့ စစ်ရေးဆိုတော တော်လှန်ရေးဆိုတော့ သတိနဲ့အဲဒီလို ရှိတဲ့အခါကျ ဘာမှ ထိခိုက်မှုမရှိဘူး။ သူတို့လာနေကျအတိုင်း လာပစ်တာ။” ဟု KNU သတင်းရင်းမြစ်ကPeople’s Spring သို့ပြောသည်။

Public Service Announcement
ယခုနှစ်ဆန်းပိုင်းကလည်း KNU တပ်မဟာ(၇)နယ်မြေကို စစ်ကောင်စီက အသေခံဒရုန်း အသုံးပြု တိုက်ခိုက်မှု ရှိခဲ့ဖူးသည်။
KNU ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များသည် တပ်မဟာ(၇)နယ်မြေရှိ စစ်ကောင်စီ တပ်စခန်းများကို ၂၀၂၄ နှစ်ကုန်ပိုင်းမှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နှစ်ဝက်ကျော်အတွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်း ၈ခုထက်မနည်းကို သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်သည်။
ထို့အပြင်တပ်မဟာ(၆)နယ်မြေရှိစစ်ကောင်စီ၏နယ်စပ်စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လျက်ရှိရာ မေလနှင့် ဇွန်လအတွင်း စစ်ကောင်စီတပ်စခန်း ၆ခုထက်မနည်း သိမ်းပိုက်ရရှိထားသည်။ ဥကရစ်ထ၊ ဝေါ်လေဗျူလာ၊ ထီးကလပယ် စသည့် လက်ကျန်တပ်စခန်းများကို စစ်ဆင်တိုက်ခိုက်လျက်ရှိသည်။
KNU တပ်မဟာနှင့် ခရိုင် ၇ခုရှိရာ ခရိုင်၊ တပ်မဟာနယ်မြေအားလုံး၌ တိုက်ပွဲများ ရှိနေပြီး စစ်ရေးအရှိန်တိုးမြှင့်ကာ KNU နယ်မြေအတွင်းရှိစစ်စခန်းအားလုံးကိုသိမ်းပိုက်သွားမည်ဖြစ်ကြောင်း KNU တာဝန်ရှိသူများက ပြောကြားထားသည်။




















































