Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီကဆုံးရှုံးမြို့များပြန်​ရေး နှင့် မြို့များထပ်အသိမ်းမခံရရန် လုပ်နေ၍ စစ်ရေးပြင်ထားဟု ချင်းညီနောင်ပြော

ချင်းပြည်မြောက်ပိုင်းတွင် ချင်းပြည်ကောင်စီ အပြင် အခြားတော်လှန်ရေးတပ်များနှင့်ပါပူးပေါင်းစစ်ဆင်​နေ​ကြောင်းအသိ​ပေး

ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူဆလိုင်းယောမာန် ရှင်းလင်းစဥ်

ဇွန်-၁၈၊၂၀၂၅။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီက လက်လွှတ်ဆုံးရှုံးထားရသည့် ချင်းပြည်နယ် မင်းတပ်မြို့ ပြန်ရရေး စစ်အင်အားအလုံးအရင်းဖြင့် စစ်ပြင်ဆင်လှုပ်ရှားနေသကဲ့သို့ ချင်းပြည်နယ်တီးတိန်မြို့ထပ်မံ အသိမ်းမခံရရေးအတွက်လည်းစစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားနေကြောင်းချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူဆလိုင်းယောမာန်ကပြောကြားသည်။

ဇွန်လ ၁၈ရက်တွင် ကျင်းပသည့် ချင်းညီနောင်၏ သတင်းစာရှင်းလင်းပွဲ၌ ဆလိုင်းယောမာန်က မီဒီယာများ၏ စစ်ရေးနှင့်ပတ်သက်သည့် မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖြေကြားရာ၌ စစ်ကိုင်းတိုင်း ကလေးမှ ချင်းပြည်နယ်ဘက်သို့ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှု၊ မကွေးတိုင်းပခုက္ကူဘက်မှစစ်အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် စစ်ပြင်ဆင်ထားမှု တို့ကို ရှင်းပြခဲ့သည်။

Public Service Announcement

Public Service Announcement

ကလေးမြို့ဘက်မှ မေလ တတိယပတ်တွင် ချင်းပြည်သို့ တက်လာသည့်စစ်တပ်နှင့်တီးတိန်မြို့နယ် မွှာလ်ပီရွာအနီးတွင် တိုက်ပွဲများ ဖြစ်ခဲ့ကြောင်း၊ ယင်းစစ်ကြောင်းကိုချင်းတော်လှန်ရေးပူးပေါင်းစစ်ကြောင်းတခုအနေဖြင့် လက်တွဲညီညီ ခုခံခဲ့ကြောင်း ဆလိုင်းယောမာန်က ပြောသည်။

“အဲဒီမှာ CB(ချင်းညီနောင်)ရော CC(ချင်းပြည်ကောင်စီ)ရောအကုန်လုံးပေါ့နော်ပြီးတော့ CB၊ CC မဟုတ်တဲ့ဟာတွေရော အဖွဲ့ဝင်မဟုတ်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေရောပေါ့နော်အဲဒီလိုမျိုးအကုန်လုံး ပူးပေါင်းစစ်ကြောင်းနဲ့ ကာကွယ်မှုတွေ တိုက်ခိုက်မှုတွေရှိခဲ့တယ်”ဟုဆလိုင်းယောမာန်ကပြောသည်။

တိုက်ပွဲဖြစ်ပွားရာ နယ်မြေသည် CDF စီးယင်း၏ အဓိက လှုပ်ရှားနယ်မြေ ဖြစ်ပြီး PDF ဇိုလဲန်း၊ CNDF၊ CDF-KKG၊ ကလေးခရိုင် တပ်ရင်း(၄)၊ CNA တို့ပူးပေါင်းပြီး ခံစစ်ပြင်၊ တိုက်ပွဲများ တောက်လျှောက်ဖြစ်ခဲ့သည်ဟုဆိုသည်။

စစ်ရေးသတင်းများကို ချင်းညီနောင်နှင့်ချင်းပြည်ကောင်စီ ပူးပေါင်းထုတ်ပြန်ရန် ကနဦး သဘောတူညီခဲ့၍ ဘာမှမပြောခဲ့ဟု ရှင်းပြသည်။ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ကြောင်း၊ တော်လှန်ရေးတပ်ပေါင်းစုအနေဖြင့် အောင်မြင်မှုများရခဲ့ပြီး လက်နက်သိမ်းဆည်းရရှိခဲ့ကြောင်း၊စစ်တပ်မှ အလင်းဝင်လာသူများ ထွက်ပြေးလာသူများလည်း ရှိကြောင်း သိရသည်။

“ဒါက ချင်းပြည်မြောက်ပိုင်းဘက်တက်လာတဲ့စစ်ကြောင်းပါ။မွှာလ်ပီမှာထိတွေ့တိုက်ပွဲဖြစ်နေတယ်။စစ်ကောင်စီ အခုမွှာလ်ပီရွာထဲ ရောက်နေတယ်။ ဒီရှေ့တော့ဆက်မတိုးလာသေးဘူး။ ဒီရက်ပိုင်း ထိတွေ့တိုက်ခိုက်မှုတော့ နည်းသွားတယ်။”ဟုဆလိုင်းယောမာန်က ပြောသည်။

စစ်ကြောင်းက ရှေ့ဆက်မတိုးလာသည်မှာစစ်ကောင်စီတပ်ဘက်ကအထိနာသွား၍လား၊ အင်အားထပ်ဖြည့်နေခြင်းလားကို စောင့်ကြည့်ရမည်ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်ကြောင်း ရှေ့ဆက်တိုးလာပါက သိုင်းငင်းရောက်ရှိမည်ဖြစ်ပြီး လမ်းဆုံမြို့ဖြစ်သည့် သိုင်းငင်းမှ ညာဘက်သွားပါက တီးတိန်ဘက်ရောက်ရှိမည်ဖြစ်ကာ ဘယ်ဘက် ကွေ့ပါက ဖလမ်းမြို့ ရောက်မည်ဟု ဆိုသည်။ ဖလမ်းမြို့ကို ချင်းညီနောင်က ယခုနှစ်အတွင်း သိမ်းပိုက်ထားခြင်းဖြစ်သည်။

အလားတူချင်းပြည်တောင်ပိုင်း၌လည်းစစ်ကောင်စီဘက်က ထိုးစစ်ဆင်လာကြောင်း ဆလိုင်းယောမာန်က ပြောသည်။ ယခုနှစ် မေလကုန်ပိုင်းတွင် မကွေးတိုင်း ပခုက္ကူတပ်မ ၁၀၁ မှ စစ်ကား အစီးပေါင်း ၁၂၆ စီးထွက်လာကာ လက်ရှိတွင် ယင်းစစ်ကြောင်းကမ္မသို့ ရောက်ရှိနေသည်ဟုဆိုသည်။

“စစ်ကြောင်းတလျှောက်ပါရာမော်တာတွေ လေယာဉ်တွေနဲ့ ဗုံးကြဲကူပြီး ထွက်လာတယ်” ဟု ၎င်းက ပြောသည်။

ကမ္မ ရောက်နေပြီဖြစ်၍ဆက်တိုးလာပါက ပခုက္ကူနှင့် မင်းတပ် အကြားရှိ ပေါက်မြို့နယ်ကို ရောက်ရှိမည်ဖြစ်၍စစ်ရေးပြင်ဆင်ထားကြောင်းပြောသည်။စစ်ကောင်စီက ဆုံးရှုံးနယ်မြေများ လိုချင်၍ အင်အားထပ်ဖြည့်လာခြင်းဖြစ်ကြောင်း သုံးသပ်သည်။

“ကျနော်တို့မြို့တွေက လွတ်မြောက်သွားပြီဆိုပေမယ့် အအားမနေဘဲ နဲ့ ပြင်ဆင်တာမျိုးပေါ့” ဟု ဆလိုင်းယောမာန်က ပြောသည်။

ချင်းညီနောင်သည် ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်းမြို့များကို သိမ်းပိုက်ထားပြီး ကျန်နေသည့် တီးတိန်ကိုလည်း စစ်ကောင်စီ ကင်းစင်အောင် လွတ်မြောက်နယ်မြေဖြစ်အောင် လုပ်မည်ဟု ပြောသည်။

“ညီနောင်နယ်မြေ အကုန်လုံးလွတ်မြောက် သွားပြီဆိုတော့ ချင်းညီနောင်ပြီးရင် ချင်းပြည် အတိုင်းအတာ တခုချင်းတပြည်လုံးအတိုင်းအတာနဲ့ ကြည့်ရမယ် ဟားခါး ၊ထန်တလန်ဘက်ကိုလွတ်မြောက်အောင် ကျနော်တို့ ဘယ်လိုကူညီနိုင်မလဲဆိုတာကို လုပ်ဆောင်ဖို့တွေရှိတယ်။ပြီးတော့မှညီနောင်နယ်မြေတွေပေါ့နော် ချင်းပြည်နယ်နဲ့ ဆက်စပ်နေတဲ့ တခြား မြေပြန့် မကွေး၊စစ်ကိုင်းပဲပြောပြော မြပြန့်ဒေသ စစ်ကောင်စီ ကင်းစင် လွတ်မြောက်နယ်မြေ ဖြစ်အောင် တော်လှန်ရေး ဘယ်လိုဆက်လုပ်ကြမလဲ ဘယ်လိုပူးပေါင်းကြမလဲ ဆိုတာနဲ့ ပတ်သက်ပြီးရှေ့ဆက်ပြီး လုပ်ဆောင်သွားဖို့ရှိတယ်” ဟုဆလိုင်းယောမာန်က ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက်က နောင်ချိုမြို့ကို ဝင်ရောက်လာတဲ့စစ်တပ်က မြို့ပေါ်မှာကျန်နေတဲ့ လူအနည်းငယ်ကို ဒန်ပေါက်ကျွေးပြီး ဝါဒဖြန့်စည်းရုံးနေကာ တဖက်မှာလည်း စစ်ဘေးရှောင်ကြတဲ့ လူမရှိတဲ့နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတယ်လို့ နောင်ချိုမြို့ခံတွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ရှပ်ပုံရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးနှင့် ဗုံးသီးထိမှန်ပြီး နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁၈ရက်)ညနေ ကျောင်းဆင်းချိန်၌ စာသင်ကျောင်းအနီးအား လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများအနီး မိုင်းများထောင်ထားပြီး ယနေ့(ဇူလိုင် ၁၈ရက်) နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦးမိုင်းနင်းမိ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။