ဇူလိုင် ၄၊ ၂၀၂၅။ People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ပြင်ဦးလွင်ကနေလာတဲ့ စစ်ကြောင်းက မြို့နဲ့ လေးမိုင်လောက်ပဲကွာဝေးတဲ့ ကျောက်ကြမ်းကျေးရွာနားကို ရောက်လာနေပြီလို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။
ပြင်ဦးလွင်မြို့နယ်က စစ်ကောင်စီတပ်အထိုင်ချထားတဲ့ ဝက်ဝံဂိတ်ကနေ တက်လာတဲ့ စစ်ကြောင်းဟာဇူလိုင် ၂ ရက်ကအုမ္မခါးကျေးရွာကိုကျော်လွန်လာပြီလို့ နောင်ချိုမြို့ခံတွေကပြောပါတယ်။လတ်
တလောမှာ စစ်ကောင်စီတပ်က ကျောက်ကြမ်းရွာကို ထိုးစစ်ဆင်နေတယ်လို့လည်း ဆိုပါတယ်။

Public Service Announcement
ကျောက်ကြမ်းရွာဟာနောင်ချိုမြို့နဲ့ လေးမိုင်လောက်ပဲ ကွာဝေးပါတယ်။ ကျောက်ကြမ်းရွာနဲ့ နောင်ချိုမြို့ကြားမှာ သဖန်းကိုင်းကျေးရွာ ကျန်ရှိနေပါသေးတယ်။
ကျောက်ကြမ်းရွာအကျော်လေးမှာတော့တော်လှန်ရေးတပ်တွေ အလွယ်တကူသိမ်းပိုက်ထားတဲ့ အမှတ်(၁၁၄)ခြေမြန်တပ်ရင်း(ခလရ-၁၁၄)တပ် ရှိပါတယ်။
“ကျောက်ကြမ်းထိရောက်လာပြီလို့ ကြားတယ်။ ကျောက်ကြမ်းဆိုရင် မြို့အခြေပဲလေ”လို့ နောင်ချိုမြို့ခံတစ်ဦးကပြောပါတယ်။
ဒါ့အပြင် မြို့တောင်ဘက်မှာလည်း တောင်းခမ်းဒေသကနေလာတဲ့ စစ်ကောင်စီတပ်က မျက်ချင်းနုကျေးရွာကို ဇွန်လ ၃၀ရက်က သိမ်းယူထားပါတယ်။ မျက်ချင်းနုရွာဟာလည်း နောင်ချိုမြို့နဲ့ လေးမိုင်ကျော်ပဲ ကွာဝေးပါတယ်။
“မြို့ပေါ်ကနေ လက်နက်ငယ်တွေကို ကြားရတယ်။ အတော်လေးကပ်နေပြီ”လို့ နောင်ချိုမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာဆုံးရှုံးထားတဲ့ရှမ်းပြည်မြောက်ပိုင်းကို ပြန်လည်ထိုးစစ်ဆင်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ လပိုင်းတွေကတည်းကနောင်ချိုမြို့ဆီကိုစစ်ကြောင်းသုံးကြောင်းနဲ့အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ နေ့စဥ်ပြင်းထန်နေပါတယ်။
နောင်ချိုဒေသတိုက်ပွဲတွေနဲ့ပတ်သက်ပြီး TNLAထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။ဒီကနေ့(ဇူလိုင် ၄ရက်) TNLAရဲ့ ထုတ်ပြန်ချက်မှာတော့ နောင်ချိုမြို့နယ်က နောင်လင်၊ ကျောက်တော်၊ အုမ္မခါး၊ လုံစံနဲ့ လုံရဲကျေးရွာကြား၊ အုမ္မသီးနဲ့ ဆမ္မဆယ်ကျေးရွာကြားတွေမှာ ဇူလိုင် ၂ရက်က စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲဒီတိုက်ပွဲတွေ အတွင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၆)လုံး၊လက်နက်ကြီး (၁၁၂)လုံးနဲ့ ဒရုန်းနဲ့ဗုံး (၂၀)လုံး လာရောက်ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။
နောင်လင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေချိန်စစ်ကောင်စီတပ်ကလေကြောင်းကနေ ဗုံး (၂)လုံး၊ လက်နက်ကြီး (၈၅)လုံးနဲ့ ဒရုန်းနဲ့ ဗုံး (၁၃)လုံးပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ထပ်မံဖော်ပြထားပါတယ်။
ဒါ့အပြင်ကျောက်တောနဲ့ နောင်ရဲကျေးရွာကြားကိုလည်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၇)လုံး၊ ဆမ္မဆယ်ကျေးရွာကို လက်နက်ကြီး(၁၅)လုံး၊ နောင်ရဲနဲ့ လုံစံကျေးရွာကြားကိုလည်း လက်နက်ကြီး ၁၂ လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ငုက္ခလေးကျေးရွာဘက်ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၄)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
