ဇူလိုင် – ၅ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring
ပဲခူးတိုင်းအရှေ့ခြမ်း ၊ ညောင်လေးပင်ခရိုင်ထဲက ကျောက်ကြီးနဲ့ ရွှေကျင်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှု ၊လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရပ်သား ၅ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရတယ်လို့ KNU ဗဟိုကထုတ်ပြန်ပါတယ်။
အရပ်သား ထိခိုက်သေဆုံးမှုတွေဟာ ကျောက်ကြီးမြို့နယ် ၊ ဝဲဒေါကျေးရွာနဲ့ ရွှေကျင်မြို့နယ်၊ ချုံအင်းရွာတို့မှာ ဇွန်လ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ ဖြစ်ပွားခဲ့တာပါ။
ဇွန်လ ၂၈ ရက် ည ၇ နာရီခန့်က ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်ရင်း ကနေ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ချုံအင်းရွာထဲ ကျရောက် ပေါက်ကွဲရာမှာ သက်ကြီးပိုင်းတစ်ဦး သေဆုံးခဲ့တယ်လို့ KNU က ဆိုပါတယ်။

Public Service Announcement
နောက်ရက် ဇွန်လ ၂၉ ရက် မှာတော့ တောင်ငူလေတပ်က ဝဲဒေါရွာထဲ တိုက်လေယာဉ်နဲ့ လေကြောင်းကနေ တိုက်ခိုက်ရာမှာ ကလေး ၁ ဦး ၊အမျိုးသမီး ၃ ဦးသေဆုံးပြီး အရပ်သား ၂၅ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ KNU က ဖော်ပြပါတယ်။
ဒါအပြင် ဇူလိုင်လ ၁ ရက်နေ့ ညပိုင်းကလည်း ခလရ ၂၆၄ တပ်ရင်းက လက်နက်ကြီးနဲ့ ထပ်မံ ပစ်ခတ်တာကြောင့် ကျောက်ကြီးမြို့နယ် ၊ ရေတွင်းကုန်းရွာထဲ ကျရောက်ပြီးနေအိမ် ထိခိုက်ပျက်စီးသလို ခိုင်းနွား ၃ ကောင် သေဆုံးခဲ့တယ်လို့သိရပါတယ်။
ပဲခူးတိုင်းအရှေ့ခြမ်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း စစ်ကောင်စီတပ်ရဲ့ တပ်စခန်းတွေကို KNUနဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာရှိပါတယ်။
