ဇူလိုင်-၆၊၂၀၂၅။ဇော်ရမ်း/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့ကိုစစ်ကောင်စီတပ်ကဇူလိုင်လ ၆ရက် နံနက်အစောပိုင်းတွင် လေကြောင်းမှ ဗုံးထပ်ကြဲသွားသည်။
ကျောက်မဲမြို့ရေဦးရပ်ရှိသစ်တောရုံးကို ဗုံးနှစ်လုံးကြဲခြင်းဖြစ်သည်။ အဆောက်အဦပျက်စီးပြီး ၏လူထိခိုက်မှုမရှိကြောင်းဒေသခံတစ်ဦးကပြောသည်။
ဇူလိုင် ၆ ရက် ညသန်းခေါင် (၁၂းဝဝ)နာရီအချိန်တွင် လေကြောင်းဖြင့် ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အဆောက်အဦး (၄)လုံး ထိမှန်ပျက်စီးသွားခဲ့ကြောင်း TNLA ကလည်းထုတ်ပြန်သည်။

Public Service Announcement
ထိုအပြင်စစ်ကောင်စီသည်ကျောက်မဲမြို့ကိုဇွန်လ ၂၄ရက်၊ ၂၇ရက် နှင့် ၂၉ရက်ညကလည်း ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားငါးဦးသေဆုံးပြီး ၂၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
ဇွန်လအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများကြဲသောကြောင့် ကလေးငယ် (၂)ဦးအပါအဝင် ပြည်သူလူထု (၂၂)ဦး ထိမှန်ဒဏ်ရာရရှိပြီး (၅)ဦးသေဆုံးခဲ့သည်။ နေအိမ် ၆၅ လုံး စာသင်ကျောင်း ၃ ကျောင်းနှင့် ဘုန်းကြီးကျောင်း (၂)ကျောင်း ထိမှန်ပျက်စီးသွားခဲ့ကြောင်း TNLA ကဖော်ပြသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းကမှ နောင်ချိုမြို့အပါအဝင် တအာင်းတပ်မတော်(TNLA)ထိန်းချုပ်မြို့နယ်များကို စစ်ကောင်စီကလေကြောင်းမှ မကြာခဏတိုက်ခိုက်နေသည်။ ဇူလိုင်လ ၄ရက်ညကလည်း သီပေါမြို့ကိုစစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲခဲ့သည်။
ထိုကဲ့သို့လေကြောင်းတိုက်ခိုက်မှုများကြောင့်တစ်ဖက်သတ်အပစ်ရပ်စဲထားမှုကို ရုတ်သိမ်းလိုက်ပြီဟု TNLAက ယမန်နေ့ ဇူလိုင်လ ၅ရက်ကပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင်အသိပေးသည်။
စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်နှင့် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် TNLAက သတိပေးထားသည်။




















































