ဇူလိုင်-၂၂၊၂၀၂၅။People’s Spring
မတရားအသင်းဆက်သွယ်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုစွပ်စွဲချက်တွေနဲ့စစ်ကောင်စီက ထောင်ဒဏ် ၇ နှစ် ချမှတ်တာခံထားရတဲ့ အင်ဒိုနီးရှား နိုင်ငံသား ဖက်ရှင်ဒီဇိုင်နာ၊ အွန်လိုင်းမှာ လူသိများသူ အမျိုးသားဟာ အခုအခါ ပြန်လည် လွတ်မြောက်လာပြီး ဇာတိနိုင်ငံ ပြန်ရောက်နေပြီလို့ သိရပါတယ်။
APလို့သာအတိုကောက်နာမည်ဖော်ပြထားတဲ့အင်ဒိုနီးရှား နိုင်ငံသားကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး မြန်မာနိုင်ငံကနေ နှင်ထုတ်လိုက်ပြီဆိုတဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အကြောင်းကြားစာကို လက်ခံ ရရှိခဲ့ကြောင်း ရန်ကုန်မှာရှိတဲ့ အင်ဒိုနီးရှား သံရုံးက ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အတည်ပြုခဲ့ပါတယ်။
အဲဒီသံတမန်ရေးရာ အကြောင်းကြားစာကို ဇူလိုင် ၁၆ ရက်နေ့က ပေးပို့ခဲ့တာဖြစ်ပြီး ဇူလိုင် ၁၉ ရက်နေ့မှာသက်ဆိုင်ရာအင်ဒိုနီးရှားနိုင်ငံသားဟာထိုင်းနိုင်ငံဘန်ကောက်မြို့တော်ဆီရောက်ရှိ၊အဲဒီကနေမှတဆင့်ဇာတိနိုင်ငံကိုပြန်ခွင့်ရခဲ့တာလို့အင်ဒိုနီးရှား မီဒီယာတွေက ဖော်ပြထားကြပါတယ်။

Public Service Announcement
သံရုံးထုတ်ပြန်ချက်မှာ APလို့သာ အတိုကောက် နာမည် ဖော်ပြထားပေမယ့် အရင်က ဖော်ပြဖူးတဲ့ သတင်းအရ စစ်ကောင်စီရဲ့ ဖမ်းဆီး အကျဉ်းချခြင်းကို ခံခဲ့ရတာဟာ အငြင်းပွားဖွယ် ပို့စ်တွေကြောင့် လူသိများတဲ့ အွန်လိုင်း celebrity တစ်ဦးဖြစ်သူ အသက် ၃၃ နှစ်အရွယ် အာနိုးလ်ပူထရာ ဆိုတာကိုအတည်ပြုနိုင်ပါတယ်။
သူဟာ ထိုင်းနယ်စပ်ကိုဖြတ်၊ မြန်မာနိုင်ငံဖက်ခြမ်းကို ဝင်ပြီး ကရင် အမျိုးသား အစည်းအရုံး (KNU)ရဲ့ ထိန်းချုပ် နယ်မြေထဲမှာ KNU တပ်ဖွဲ့ဝင်တွေနဲ့ ဓာတ်ပုံ အတူတွဲရိုက်ခဲ့ရာက ပြဿနာ တက်ခဲ့တာပါ။ အာနိုးလ်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက ဒေသခံ အသိအကျွမ်း တစ်ဦးရဲ့ ဖိတ်ကြားမှုအရ KNU နယ်မြေထဲသွားရောက်ခဲ့ပါတယ်။ဒါ့အပြင် ဓာတ်ပုံတွေကိုလည်းလူမှုကွန်ရက်ပေါ်မှာတင်ထားခဲ့ပါတယ်။
နောက်တော့ သူက အားလပ်ရက် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကိုလေကြောင်းကနေ၂၀၂၄ဒီဇင်ဘာလထဲမှာ ထပ်သွားခဲ့ပါတယ်။အဲဒီအခါမှာစစ်ကောင်စီက သူ့ကို ရန်ကုန်မှာ ဖမ်းဆီးခဲ့ပြီး တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့မှု၊ အကြမ်းဖက် အဖွဲ့အစည်း (မတရားအသင်း) ဆက်သွယ်မှု ပုဒ်မတွေတပ်၊ တရားစွဲဆိုပြီး ထောင် ၇ နှစ် ချခဲ့ပါတယ်။ သူဟာ အင်းစိန်ထောင်မှာ ၇ လကျော် အကျဉ်းကျခံခဲ့ရတာ ဖြစ်ပါတယ်။
သူပြန်လည် လွတ်မြောက်စေရေးအတွက် လိုအပ်ရင် စစ်ကောင်စီကို စစ်ရေးအရ ဖိအားပေးတာမျိုးတွေထိ လုပ်သင့်ကြောင်း အင်ဒိုနီးရှား လွှတ်တော် အမတ်တချို့က အစိုးရကို တိုက်တွန်းခဲ့ပေမယ့် အင်ဒိုနီးရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ပယ်ချခဲ့ပါတယ်။အခုတော့အာနိုးလ်လွတ်မြောက်လာပြီ ဖြစ်တဲ့အတွက် သူ့ကို လွတ်ငြိမ်း ချမ်းသာခွင့်ပြုဖို့ မေတ္တာရပ်ခံချက်ကို လိုက်လျောပေးတဲ့ စစ်ကောင်စီ အာဏာပိုင်တွေကို ကျေးဇူးတင်ကြောင်းလည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။
အာနိုးလ် အဖမ်းခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အင်ဒိုနီးရှားကလူမှုကွန်ရက်သုံးစွဲသူတွေကြားမှာနက်နက်ရှိုင်းရှိုင်း သဘောထား ကွဲလွဲမှုတွေလည်း ရှိနေပါတယ်။ တချို့ကတော့ ပဋိပက္ခ နယ်မြေတစ်ခုမှန်း သိလျက်နဲ့ အဆင်ခြင်မဲ့ သွားရောက်ခဲ့တဲ့ သူ့ရဲ့ လုပ်ရပ်ကို ဝေဖန်ခဲ့ကြပေမယ့် တချို့ကတော့ အခုစီရင်ချက်ဟာနိုင်ငံရေးသဘောထားတွေ ရောယှက်နေပြီး ပြင်းထန်လွန်းကြောင်းပြောပါတယ်။ အာနိုးလ်နဲ့ နီးစပ်သူတွေကတော့ သူဟာ အွန်လိုင်းမှာ ရိုက်ကူးဖော်ပြမယ့်အကြောင်းအရာတစ်ခုအတွက်သာ KNU ထိန်းချုပ်နယ်မြေထဲ သွားခဲ့တာလို့ အကြောင်းပြချက် ပေးခဲ့ကြပါတယ်။
အာနိုးလ်ဟာ အရင်ကတည်းက ရှုပ်ရှုပ်ထွေးထွေးရှိတဲ့ လူနေမှုပုံစံ၊ ပွဲဆူစေတဲ့ စတန့်တွေကြောင့် လူသိများခဲ့သူပါ။ ၂၀၂၀ ပြည့်နှစ်တုန်းက သူဟာ လူသား ကလေးငယ် တစ်ဦးရဲ့ကျောရိုးကို လက်ကိုင်ကြိုးအဖြစ် အသုံးပြုပြီး မိကျောင်းလျှာနဲ့ ချုပ်ထားတယ်ဆိုတဲ့တန်ဖိုးကြီးလက်ကိုင်အိတ် တစ်လုံးကို အွန်လိုင်းမှာ ပြသခဲ့ရာက စပြီး ကျော်ကြားလာပါတယ်။သူကအဲဒီအိတ်ကိုချုပ်လုပ်တဲ့ ပါဝင်ပစ္စည်းတွေ ရရှိလာရာမှာ ဘာကျင့်ဝတ် ဖောက်ဖျက်မှုမှ မရှိခဲ့ဘူးလို့ ပြောပါတယ်။
နောက်တော့ သူဟာ စင်ကာပူ နိုင်ငံကို ဦးတည်ပြီး မှောင်ခိုပို့ဆောင်မယ့် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ဘရာဇီးမှာ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်နဲ့ ယှက်နွှယ်နေကြောင်းစွပ်စွဲမှုတွေလည်းကြုံလာရပြန်ပါတယ်။ အာနိုးလ်ကတော့ သူက ဘာအမှားမှ ကျူးလွန်မထားခဲ့ဘူးလို့ ငြင်းဆန်ပါတယ်။
သူဟာတချို့သောတိုင်းရင်းသား မျိုးနွယ်စုတွေရဲ့ ယဉ်ကျေးမှု လက်ရာတွေနဲ့ တခြား တန်ဖိုးထားတဲ့ ပစ္စည်းတွေကို တန်ဖိုးကြီးဖက်ရှင်ထုတ်ကုန် အတုတွေနဲ့ လဲလှယ် ရယူခဲ့ကြောင်းလည်း စွပ်စွဲ ခံရဖူးပါတယ်။ နောက်ပြီး ၂၀၂၂ ခုနှစ်တုန်းက ပါရီ ဖက်ရှင် သီတင်းပတ်ကို တက်ရောက်ရာမှာ နိုင်ငံရေး အကြမ်းဖက်ဝါဒနဲ့ဆက်နွှယ်တဲ့လူငယ်အဖွဲ့အစည်း တစ်ခုရဲ့ယူနီဖောင်းနဲ့ ဆင်တူတဲ့ ဝတ်စုံကို ဝတ်သွားလို့လည်း အတော်လေး ဆူဆူညံညံတွေ ဖြစ်စေခဲ့ဖူးပါတယ်။
ကိုးကား-Jakarta Post


















































