ဇူလိုင်-၂၃၊၂၀၂၅၊ရှိန်း၊ဇော်ရမ်း/People Spring
တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ သပိတ်ကျင်းမြို့ကို စစ်တပ်က အင်အားအများအပြားနဲ့စစ်ကြောင်းထိုးဝင်ရောက်လာပြီး မြို့နေရာအများစုကိုပြန်လည်ထိန်းချုပ်ထားပေမယ့် တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
သပိတ်ကျင်းမြို့ကို စစ်တပ်က အင်အား ၁၀၀၀ ကျော်နဲ့ စစ်ကြောင်းထိုးနေတိုက်လိုက်လာပြီး တိုက်ပွဲအပြင်းအထန်ဖြစ်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ် တွေက ပြောပါတယ်။
“မြို့ကနေ ဆုတ်ပေးရတယ်ဆိုတာက မဟုတ်သေးဘူး။ တိုက်ပွဲကတော့ ပြင်းပြင်းထန်ထန်ဖြစ်နေတယ်။ စစ်ကောင်စီကအင်အား ၁၀၀၀ကျော်ပါတယ်။ ရဲဘော်တွေထိခိုက်တာတော့ရှိတယ်။ စကစ စစ်ကြောင်းလည်း ထိတယ်”လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ယနေ့(ဇူလိုင်လ၂၃ရက်) မွန်းလွဲပိုင်း ၂နာရီခန့်မှာပြောပါတယ်။

Public Service Announcement
အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးက စစ်ကောင်စီတပ်ဟာ ဇူလိုင် ၂၁ရက်ကတည်းက သပိတ်ကျင်းမြို့အတွင်းကို စတင်ဝင်ရောက်လာနိုင်ခဲ့ပြီး ဆေးရုံနားအထိ ထိန်းချုပ်ထားတယ်လို့ ပြောပါတယ်။
မနေ့ (ဇူလိုင်၂၂ရက်)ညပိုင်းမှာတော့ မြို့ရဲ့ နေရာအများစုကို ထိန်းချုပ်ခွင့်ရသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်တပ်က မြို့နေရာအများစုကို ပြန်ထိန်းချုပ်သွားနိုင်ပေမယ့် တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ တော်လှန်ရေးရဲဘော်အချို့ကပြောပါတယ်။
“ဝင်လာတာတော့ တနေ့ကတည်းက မြို့တစ်ခြမ်းကိုရသွားတာ။ မနေ့ကနဲ့ ညကနောက်ဆုံးသတင်းတော့ မသိရသေးဘူး။ ဟိုဘက်(စစ်ကောင်စီဘက်)ကတော့ ရသွားပြီဆိုပြီး လုပ်နေတယ်”လို့ လူထုနွေဦးရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
ဒါပေမယ့် ဒီကနေ့(ဇူလိုင် ၂၃ရက်) မနက်ပိုင်းအထိ မြို့တွင်းမှာ ပစ်ခတ်သံတချို့ကြားနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ သပိတ်ကျင်းမြို့ကို အလုံးစုံသိမ်းပိုက်ထားပြီလို့ ဓာတ်ပုံတွေနဲ့ ဝါဒဖြန့်နေပါတယ်။ မြို့နယ်ခန်းမ၊ ဘဏ်၊ မြို့လယ်ကျောက်တိုင်နဲ့ ရုံးအဆောက်အဦးတွေကို ရိုက်ပြထားပါတယ်။
ဒါပေမယ့် မြို့နယ်အတွင်းက နေရာအစုံတော့ သိမ်းရတာ မဟုတ်ဘူးလို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။ (၇)မိုင်နေရာနဲ့ တွင်းငယ်ရွာ နေရာတွေမှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ၎င်းက ပြောပါတယ်။
“(၇)မိုင်ရော၊ တွင်းငယ်ရော ရဲဘော်တွေရှိသေးတယ်။ တိုက်ပွဲဆက်ဖြစ်နေတယ်။ အဓိက စစ်တပ်ရှိတာက မြို့ထဲမှာ မရှိဘူး။ စစ်တပ်ရှိတာက (၇)မိုင်နဲ့ တွင်းငယ်တို့မှာ ရှိနေတာ”လို့ သပိတ်ကျင်းဒေသက လူထုနွေဦးရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ကာကွယ်ရဲဘော်တစ်ဦးကအခုလိုတိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်မှာပြည်သူလူထုအနေနဲ့ ထောက်ပို့မှုတွေပိုပြီးပြုလုပ်ပေးဖို့ တောင်းဆိုပါတယ်။
ဒါ့အပြင် သပိတ်ကျင်းမြို့နယ်ရဲ့ (၇)မိုင်ရွာက စစ်ကောင်စီစခန်းကိုလည်း တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေတယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
(၇)မိုင်ကျေးရွာမှာစစ်တပ်ရဲ့လျှပ်စစ်အင်ဂျင်နီယာတပ်စခန်းရှိပြီး ပြီးခဲ့တဲ့ဇွန်လဆန်းကစပြီး (၇)မိုင်ကျေးရွာက လျှပ်စစ်အင်ဂျင်နီယာတပ်စခန်းနဲ့ တွင်းငယ်ကျေးရွာက အမှတ် (၁၃)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃)တို့မှာ စုဝေးနေတဲ့ စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းထိုးထွက်လာရာက တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။
(၇)မိုင်ကထွက်လာတဲ့ စစ်တပ်ဟာ သပိတ်ကျင်းမြို့အထိ ရောက်ရှိလာတာ ဖြစ်ပါတယ်။အဲဒီလမ်းပိုင်းက (၆)မိုင်နဲ့ (၅)မိုင်ကျေးရွာတွေကို စစ်တပ်က သိမ်းရခဲ့ပြီး ဇူလိုင် ၁၂ရက်က (၄)မိုင်ကံသာကျေးရွာကို ထပ်မံသိမ်းရခဲ့တာလို့ ဆိုပါတယ်။
မန္တလေးမြို့နဲ့ မိုင်(၈၀)ခန့်အကွာက သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ၉ ရက်ကြာတိုက်ခိုက်ပြီးနောက် ပြီးခဲ့တဲ့၂၀၂၄ သြဂုတ် ၂၅ရက်မှာ အပြီးသတ်သိမ်းပိုက်ရခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ထားပါတယ်။
သပိတ်ကျင်းမြို့ကိုသာ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ရခဲ့တာဖြစ်ပြီး မြို့နယ်တစ်ခုလုံးကစစ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိပေ။ သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ (၇)မိုင်က လျှပ်စစ်အင်ဂျင်နီယာတပ်စခန်းနဲ့ သပိတ်ကျင်းမြို့နဲ့ ၂၆ခန့်ကွာဝေးတဲ့ တွင်းငယ်ကျေးရွာက အမှတ် ၁၃ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃)မှာ သွားရောက်စုဝေးသလို ၊စစ်တပ်က စစ်ကူပို့တဲ့ စစ်သားတွေနဲ့ ပေါင်းပြီး ခံစစ်ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။
သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲအတွင်းမှာစစ်တပ်က ဒုဗိုလ်မှူးကြီး စိုးမင်းသူနဲ့ စစ်သုံ့ပန်းတွေ ဖမ်းမိခဲ့ပါတယ်။ လက်ရှိမှာ မန္တလေးတိုင်းအတွင်းက သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေပါတယ်။
သပိတ်ကျင်းမြို့ကိုစစ်ကောင်စီကထိန်းချုပ်လိုက်ပြီဆိုသောသတင်းများထွက်ပေါ်နေလို့ စိုးရိမ်နေရတယ်လို့ မိုးကုတ်မြို့ခံတစ်ဦးကပြောပါတယ်။
TNLAထိန်းချုပ်ထားတဲ့မိုးကုတ်မြို့ဟာသပိတ်ကျင်းမြို့နဲ့မိုင်၅၀ခန့်ဝေးတာပါ။
” အခု ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူး။ သတင်းတွေက အမျိုးမျိုးဖြစ်နေတယ်”လို့ မိုးကုတ်မြို့ခံတစ်ဦးကပြောပါတယ်။























































