ဇူလိုင် -၃၁ ၊၂၀၂၅ /People’s Spring
အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်ကောင်စီကို ဖျက်သိမ်းလိုက်ပြီး နိုင်ငံတော် လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင် (နလအ) ဆိုတဲ့အမည်နဲ့ ဒီနေ့ ဇူလိုင် ၃၁ ရက်မှာ ပြောင်းလဲ ဖွဲ့စည်းလိုက်ပါတယ်။
ပုံမှန်အားဖြင့် စစ်ကောင်စီကို ၆ လတစ်ကြိမ်သက်တမ်းဆွဲဆန့်နေရာကနေ ဒီနေ့ ဇူလိုင် ၃၁ ရက်မှာ နောက်ထပ် ခြောက်လ သက်တမ်းမတိုးတော့ဘဲ “နလအ” ဆိုတဲ့အဖွဲ့ကို ဖွဲ့လိုက်တာပါ။
“နလအ” အဖွဲ့ကို အာဏာသိမ်းစစ်ခေါင်းဆောင်က ဥက္ကဋ္ဌ အဖြစ်တာဝန်ယူမှာဖြစ်ပြီး အဲဒီအဖွဲ့ ကိုလည်း သူ့ကိုယ်တိုင် လက်မှတ်ရေးထိုး ဖွဲ့စည်းလိုက်တာပါ။

Public Service Announcement
အဖွဲ့ထဲမှာ အာဏာသိမ်းစစ်တပ်ရဲ့ခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့ တပ်ချုပ် ၊ ဒုတပ်ချုပ် ၊ ညှိကွပ် ၊ စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် ၊ကာကွယ်ရေးဝန်ကြီး ၊ ပြည်ထဲရေးဝန်ကြီး ၊ နယ်စပ်ရေးရာဝန်ကြီးတွေ ပါဝင်ကြပါတယ်။
အဲဒီအဖွဲ့ဟာ နိုင်ငံ ရဲ့ကာကွယ်ရေး ၊ လုံခြုံရေး ၊ အေးချမ်းသာယာရေး နဲ့ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် လမ်းညွှန်မှာဖြစ်တယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ နိုင်ငံတော်ဝန်ကြီးချုပ်ဆိုတဲ့ ရာထူးကိုတော့ သူရဲ့ လက်ရုံး တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးညိုစောဆီ လက်လွှဲပေးလိုက်ပါတယ်။
ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးညိုစောဟာ စစ်ခေါင်းဆောင်ရဲ့ အကြံပေးပုဂ္ဂိုလ်အဖြစ် ၂၀၂၃ ခုနှစ်က ခန့်အပ်ခံရသူပါ။
ဒါအပြင် ဗိုလ်ချုပ်ကြီး ညိုစောဟာ စစ်တပ်ရဲ့စီးပွားရေးလုပ်ငန်းတွေကို ကွပ်ကဲရတဲ့ ဦးပိုင်လို့ လူသိများတဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။
သူက အခုတော့ စစ်ခေါင်းဆောင်ကိုယ်စား ဝန်ကြီးဌာနတွေကို ဦးဆောင်ရမယ့် ဝန်ကြီးချုပ် ဖြစ်လာပါတယ်။
စစ်ခေါင်းဆောင်က ဝန်ကြီးချုပ်ရာထူးကို လက်လွှတ်လိုက်ပေမယ့် ဝန်ကြီးချုပ် ရဲ့ အပေါ်က ယာယီသမ္မတ ရာထူးကို ဆက်ယူထားပါတယ်။
ကာလုံလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာလည်းစစ်ခေါင်းဆောင်က ယာယီသမ္မတ ရာထူးနဲ့ ဆက်လက် ဦးဆောင်နေတာပါ။
ဒါအပြင် ဒီနေ့မှာ ၂၀၂၁ ခုနှစ် ၊ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းချိန်က ဒုသမ္မတ ဦးမြင့်ဆွေက နိုင်ငံ့အာဏာလွှဲပေးခဲ့တဲ့အမိန့် ၁/၂၀၂၁ ကို ပယ်ဖျက်လိုက်ပြီလို့ စစ်ခေါင်းဆောင်ကလက်မှတ်ရေးထိုး အမိန့်ထုတ်ပါတယ်။
ဒါဟာ နိုင်ငံအရေးပေါ်အခြေအနေပြီးတဲ့နောက် နိုင်ငံ့အာဏာကို ပြန်အပ်တဲ့သဘောလို့သက်ရောက်ပါတယ်။
စစ်တပ်က ဆယ်စုနှစ်တစ်ခုကျော်ကြာ အချိန်ယူပြီး စိတ်ကြိုက်ရေးဆွဲ ခဲ့တဲ့ ၂၀၀၈ အခြေခံ ဥပဒေ မှာ အရေးပေါ်အခြေအနေ ပြီးတဲ့နောက် စစ်တပ်ခေါင်းဆောင်က နိုင်ငံ့အာဏာကို ကာလုံဆီပြန်အပ်ရမယ်လို့ ပါရှိပါတယ်။
ဒါပေမယ့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က ရွေးကောက်ခံအရပ် သားအစိုးရကိုလက်နက်အားကိုးနဲ့ အာဏာသိမ်းပြီးကတည်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖီဆန်လုပ်ကိုင်တာမို့ ခြေဥဟာပျက်ပြယ်သွားပြီလို့ ဒီမိုကရေစီ အင်အားစုတွေ၊တော်လှန်ရေးအင်အားစုတွေကတောက်လျှောက်ပြောခဲ့ပါတယ်။
အာဏာသိမ်းစစ်အုပ်စုကတော့ ၂၀၀၈ ခြေဥနဲ့အညီလုပ်တယ်ဆိုပြီးဆက်တိုက်အကြောင်းပြခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ ဒုသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးကြောင့် အနားယူသွားပြီးနောက် ကာလုံကို ယာယီသမ္မတအဖြစ် အာဏာသိမ်းစစ်ခေါင်းဆောင်က ဦးဆောင်နေတာပါ။
ဒါကြောင့်နိုင်ငံ့အာဏာကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ယာယီသမ္မတရာထူးယူထားတဲ့ မင်းအောင်လှိုင်ဆီ လွှဲပေးတဲ့သဘောဖြစ်ပါတယ်။
စစ်ကောင်စီဘက်က အခုလိုလုပ်တာက ဒီနှစ်ကုန် နဲ့ ရှေ့နှစ်ဆန်းမှာရွေးကောက်ပွဲလုပ်မယ်ဆိုတာကိုထပ်မံအတည်ပြုပေးတာဖြစ်ပါတယ်။
အခုနှစ်ကုန်ကုန်ပိုင်းမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ စစ်ကောင်စီဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို မဲမသမာမှု ရှိတယ်ဆိုပြီး လက်မခံဘဲ ရွေးကောက်ခံအရပ်သားအစိုးရကိုအာဏာသိမ်းခဲ့တာလည်းဖြစ်ပါတယ်။





















































