Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီဖယ်ရှားနိုင်ရေး အဓိကဖြစ်၍ ပြုပြင်ပြောင်းလဲရေးလုပ်ရမည်ဟု ယာယီသမ္မတပြော

နိုင်ငံရေးနှင့်ဖြစ်စေ၊စစ်ရေးဖြင့်ဖြစ်စေမည်သည့်နည်းနှင့်မဆို စစ်ကောင်စီကို ဖယ်ရှားနိုင်ရေး လုပ်ဆောင်နိုင်ရန် အဓိကဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်သည်။

ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်သည့် အမျိုးသား ညီညွတ်ရေးအစိုးရ တာဝန်ရှိသူများသည် NUG ထိန်းချုပ်နယ်မြေများသို့ သွားရောက်၍ ဒေသခံ ပြည်သူလူထုအပါအဝင် တော်လှန်ရေးရဲဘော်များနှင့် တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - NUG

ဇူလိုင်-၃၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

နိုင်ငံရေးနှင့်ဖြစ်စေ၊စစ်ရေးဖြင့်ဖြစ်စေမည်သည့်နည်းနှင့်မဆို စစ်ကောင်စီကို ဖယ်ရှားနိုင်ရေး လုပ်ဆောင်နိုင်ရန် အဓိကဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်သည်။

ဇူလိုင် ၂၉ရက်က ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့အစည်းအဝေး၌ ယာယီသမ္မတက ယခုကဲ့သို့ပြောကြားခဲ့ကြောင်း NUGက ယနေ့ (ဇူလိုင် ၃၁ရက်)တွင် သတင်းထုတ်ပြန်သည်။

မည်သည့်နည်းနှင့်ဖြစ်စေ စစ်ကောင်စီကို ဖယ်ရှားနိုင်မှသာလျှင် မျှော်မှန်းထားသည့် တရားမျှတ၊ သာယာဝပြောသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ် ပေါ်ထွန်းလာမည် ဆိုသည်မှာ အားလုံး၏ စိတ်ဆန္ဒ ဖြစ်ဟု ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ ဖယ်ရှားနိုင်ရေးကို အဓိကလုပ်ဆောင်သွားရမည်ဖြစ်၍ အချို့နေရာများ၌ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရမည်ဖြစ်ပြီးယင်းသို့ လုပ်ဆောင်ရာတွင်အားလုံးအနေဖြင့် တော်လှန်ရေးသမား ပီပီအမှန်ကို ရပ်တည်ရန် ၊ ကိုယ်ကျိုးစွန့်ပြီး တိုင်းသူပြည်သားများ၏ အနာဂတ် တည်ဆောက်နေသူဆိုသည်ကို စိတ်နှလုံး၌ ယုံကြည်ချက် ကြီးကြီးမားမား ဖြင့် ဆက်ပြီး ရပ်တည်ရန် ယာယီသမ္မတက တိုက်တွန်းသည်။

ဝန်ကြီးများ၏ လုပ်ဆောင်ချက် များကောင်းသည်ဟု ခံယူသော်လည်း ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း ယာယီသမ္မတကပြောကာ ဘယ်အရာမှ မပြောင်းလဲဘဲ ရှိမည်မဟုတ်ဟု အသိပေးသည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ဝန်ကြီးတချို့ စစ်ကိုင်း၊ မကွေးဘက် ခရီးဆန့် နေကြပြီဖြစ်၍ ပကတိအခြေအနေများကို ပိုသိရှိပြီး၊ တော်လှန်ရေးအတွက် ပိုမိုကောင်းမွန်မည့် ပိုထိရောက်မည့် အခြေအနေများ စီမံဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့သည်။

“ဒီနေရာမှာ မြေပြင်ပကတိအခြေအနေဆိုတာ စစ်ကိုင်း၊ မကွေး သက်သက်ကို ညွှန်းတာတော့ မဟုတ်ဘူးဆိုတာ နားလည်ကြရမှာ ဖြစ်ပါတယ်။ စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ဒေသတွေမှာ ပိုအားစိုက်ကြရမှာဖြစ်သလို မျက်ခြေပြတ်ခံလို့ မရတဲ့ ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီ စတဲ့ဒေသတွေကိုလည်း လစ်လျူရှုလို့ မရပါဘူး။ တော်လှန်ရေးအခြေအနေအရ မြောက်ပိုင်း၊ တောင်ပိုင်း ခွဲပြီး ပြောနေကြရတယ်ဆိုပေမယ့် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ တစ်နိုင်ငံလုံးရဲ့ အစိုးရဖြစ်တာကြောင့် မူတွေချမှတ်တဲ့အခါမှာ တစ်နိုင်ငံလုံးရဲ့ အခြေအနေတွေနဲ့ ချိန်ဆ ချမှတ်ကြရမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောသည်။

မြောက်ပိုင်းအတွက် တစ်မျိုး၊ တောင်ပိုင်းအတွက် တစ်မျိုးဖြစ်၍ မရဘဲ မူများ အကောင်အထည်ဖော်ရာတွင် နေရာဒေသအလိုက်ချိန်ညှိစဉ်းစားမှုများသာ ရှိနိုင်ဟု ပြောသည်။

“ ဒါကိုတော့ အစိုးရအဖွဲ့ဝင်တွေ ကောင်းစွာသဘောပေါက် နားလည်မယ်လို့ ယုံကြည်ပါတယ်။ အုပ်ချုပ်ရေးကဏ္ဍ ဖော်ဆောင်မှုတွေဟာ ကျွန်တော်တို့ ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ပီပီပြင်ပြင် ဖော်ဆောင်နိုင်ဖို့ အခြေခံအုတ်မြစ် တစ်ခုလည်း ဖြစ်တာ ကြောင့် အစကောင်းဖို့လည်း လိုပါတယ်။” ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အစိုးရအား ပြုလုပ်ပြောင်းလဲရေးလုပ်ဆောင်မည်ဟု ယခု နှစ်ဆန်းပိုင်းကတည်းက လူထုသို့ အသိပေးထားပြီး ထိုသို့လုပ်ဆောင်နိုင်ရန် တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်များကိုဖိတ်ခေါ်ထားသကဲ့သို့ လက်ရှိတွင်လည်း ပြုပြင်ပြောင်းလဲရေးအတွက် လေ့လာသုံးသပ်ပြီး ပညာရှင်များထံ အကြံဉာဏ်ယူ ဆောင်ရွက်နေသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

နွေဦးတော်လှန်ရေးအတွင်းမှာ ပေါ်ပေါက်လာတဲ့ စစ်ရေးရည်မှန်းချက်တွေကို အကောင်အထည် ဖော်နိုင်ဖို့ အမိန့်ပေးကွပ်ကဲမှု တစ်ခုတည်းအောက်မှာ စစ်ဒေသအလိုက် ဦးစီးကွပ်ကဲဖို့ ကြိုးစားနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။