ဩဂုတ်-၁၊ ၂၀၂၅။ မေ/People’s Spring
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်အစပ်အထိ စစ်တပ်က စစ်ကြောင်းထပ်ထိုးလာတာမို့ ခရိုင်ချင်းဆက် အမှတ်-၃လမ်းကို ဒီနေ့ကစပြီး ယာယီပိတ်ထားတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်က မင်းကွန်းတိုက်နယ်ကနေတဆင့် ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်အစပ်က စဉ့်ကိုင်ရွာအထိ အင်အား၂၀၀ ဝန်းကျင်နဲ့ ထပ်မံစစ်ကြောင်းထိုးလာပြီး ဒီနေ့ မနက်ပိုင်းက ဝက်လက်မြို့နယ် စဉ့်ကိုင်မြောက်ရွာထဲကို ရောက်ရှိနေတယ်လို့ သိရပါတယ်။
“ဆက်တိုက်စစ်ကြောင်းထိုးနေတာဗျ။ စဉ့်ကိုင်ရဲ့မြောက်ဘက်ကို ဆက်ထွက်နေပြီ။ ရှိမ်းမကားအထိ သွားမယ်လို့လည်း ခန့်မှန်းရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
အမှတ်-၃ ခရိုင်ချင်းဆက်လမ်းဟာ စစ်ကိုင်းတိုင်းကနေ မိုးကုတ်မြို့ကိုသွားတဲ့ လမ်းကြောဖြစ်သလို စစ်ကိုင်း-ရွှေဘိုလမ်းကြောမှာလည်း စစ်တပ်စစ်ကြောင်းက ဆားတောင်မြို့အနီးမှာ ရှိနေတာမို့ ယာယီပိတ်ထားတာကြောင့် အမှတ်-၃ ခရိုင်ချင်းဆက်လမ်းကနေတဆင့် ကွင်းသွားရတဲ့လမ်းဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲဒီစစ်ကြောင်းကို ကာကွယ်ပေးဖို့အတွက် မတ္တရာမြို့ကနေလည်း လက်နက်ကြီးပစ်ကူ ပေးနေပါတယ်။ စစ်ကောင်စီရဲ့ လော်ဘီတွေကတော့ ဒီနယ်မြေကို နယ်မြေဗျူဟာတခု အထိုင်ချမယ်လို့ ကြွေးကြော်ထားပြီး အဆက်မပြတ်စစ်ကြောင်းထိုးနေတာပါ။
“ဒီနေရာကို အထိုင်ချဖို့ဆိုတာကတော့ စစ်တပ်အနေနဲ့ တော်တော်ခက်ခဲလိမ့်မယ်။ ကျွန်တော်တို့ တပ်တွေအနေနဲ့ကတော့ ရသလောက် ခုခံသွားမှာပဲ”လို့ ရွှေဘိုခရိုင် ၉၇၀၆တပ်ရင်း(ဒေါင်းနီတပ်ဖွဲ့)တပ်ရင်းမှူး ဗိုလ်လကျာ်က ပြောပါတယ်။
ဇူလိုင်၂၈ ရက်ကလည်း စဉ့်ကိုင်မြောက်ရွာကနေ တိုက်ရွာဘက်ကို ထွက်လာတဲ့ အဲဒီစစ်ကြောင်းတိုက်ခိုက်ခံရပြီး အိုက်ဒိုင်ရွာအထိ ပြန်ဆုတ်ခဲ့ရပါတယ်။ ဇူလိုင် ၃၀ ရက်မှာတော့ အိုက်ဒိုင်ရွာအနီးက ဆိပ်ကမ်းကို မန္တလေးဂေါဝိန်ဆိပ်ကမ်းကနေ စစ်တပ်က စစ်အင်အားနဲ့ လက်နက်ခဲယမ်းထပ်တိုးကာ မနေ့က စတင်ပြီး ထပ်မံ စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။


















































