ဩဂုတ် ၂၊ ၂၀၂၅။ ထားမြတ်/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်းရှိကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဖမ်းမိခဲ့သော အွန်လိုင်းလိမ်လည်လုပ်ငန်း (ကျားဖြန့်လုပ်ငန်း)လုပ်ကိုင်သော တရုတ်နိုင်ငံသားများကို တရုတ်အစိုးရထံ KIAက လွှဲပြောင်းပေးခဲ့ဟု ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။
KIA တပ်ရင်း(၂)က ဖမ်းမိခဲ့သည့် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများကို ပန်ဆိုင်းနယ်စပ်မြို့မှ တရုတ်ဘက်သို့ ဩဂုတ် ၁ရက်တွင် လွှဲပေးခဲ့သည်ဟု ရုပ်သံမှတ်တမ်း နှင့်အတူ လူမှုကွန်ရက်တွင် ဖော်ပြသည်။
ယင်းနှင့်ပတ်သက်၍ ကချင်သတင်းရင်းမြစ်က “ကျားဖြန့်တွေကို KIA ကနေ ပြန်လွှဲပေးတာ ဖြစ်တယ်။ KIA တပ်ရင်း(၂)ဘက်မှာပေါ့။ သူတို့က အယောက် ၇၀ လောက်ရှိတယ်ထင်တယ် သူတို့လွှဲပေးတာ။ တရုတ်ဘက်ကိုပြန်လွှဲပေးတာ။ ကျားဖြန့်လုပ်တဲ့အဖွဲ့တွေ ဖြစ်တယ် အဲဒါကတော့ “ ဟု ပြောသည်။

Public Service Announcement
အခြားသတင်းရင်းမြစ်တစ်ဦးကလည်း ကျားဖြန့်လုပ်သားများ တရုတ်ဘက်လွှဲပြောင်းပေးမှုကို ကြားသိရပြီး ယင်းသို့ KIAက လွှဲပေးသည့် ဖြစ်စဉ်သည် ပထမဆုံးဖြစ်မည်ဟု ထင်ကြောင်း ပြောကြားသည်။
ကျားဖြန့်လုပ်သားများကိုဖမ်းဆီးလွှဲပြောင်းပေးသည့် KIA တပ်ရင်း (၂) သည် KIA တပ်မဟာ(၁၀) လက်အောက်ခံတပ်ဖြစ်သည်ဟု ကချင်စစ်ရေးနိုင်ငံရေးလေ့လာသူက ပြောသည်။
“တပ်ရင်း(၂)က ကွတ်ခိုင်မြို့နယ် တားမိုးညဲ မုံးစီးနဲ့ သိန္နီ ကွမ်းလုံ လမ်းမကြီးရဲ့ မြောက်ဘက်ခြမ်း” ဟု ၄ငးက KIA တပ်ရင်း(၂)၏ လှုပ်ရှားနယ်မြေကို ပြောသည်။
ရှမ်းမြောက်၌ အွန်လိုင်းလိမ်လည်လုပ်ငန်း လုပ်ဆောင်သူများကိုဖမ်းဆီးပြီးတရုတ်ထံ လွှဲပြောင်းပေးသည့်အခြေအနေနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ယမန်နေ့ကတည်းက ဆက်သွယ်မေးမြန်းထားသည်။
ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများ ကချင်ပြည်နယ် မြစ်ကြီးနားတွင်ရှိနိုင်သော်လည်း ကချင်ပြည်နယ်အတွင်း KIA အုပ်ချုပ်နယ်မြေအတွင်း လုပ်ရဲမည်မထင်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“လုပ်ရဲမှာ မဟုတ်ဘူးဆိုတာ အဓိကက သူတို လေယာဉ်ဗုံးကြောက်ရတယ်လေနော် ။ အဲဒါကြောင့် အဲဒီဘက်မှာဆို သူတို့ လုပ်ရဲမှာမဟုတ်ဘူးဆိုတာ ပြောချင်တာပေါ့” ဟု ၎င်းက ပြောသည်။
ကချင်ပြည်နယ်တွင် KIက စစ်ကောင်စီ တပ်စခန်းများ တိုက်ခိုက်သည့် စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိရာ စစ်ကောင်စီက လေကြောင်း ဗုံးကြဲမှုများ မကြာခဏ လုပ်ဆောင်လေ့ရှိသည်။
ထို့ပြင် တရုတ်ဘက်က ကျားဖြန့်တိုက်ဖျက်သည်ဆိုသည်မှာ အမည်ခံသာ ဖြစ်နိုင်ဟုလည်း ကချင်စစ်ရေးသတင်းရင်းမြစ်က သုံးသပ်သည်။
မြန်မာ-တရုတ် နယ်စပ်ရှိတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ၎င်းတို့ နယ်မြေအတွင်း ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများ ကို ဖမ်းဆီးပြီးတရုတ်ဘက်သို့ လွှဲပြောင်းပေးသည့် ဖြစ်စဉ်များ ယခင်ကလည်း ရှိခဲ့သည်။


















































