Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးပြန်ကောင်းဖို့ ၃သန်းတန် လော်ဘီအဖွဲ့ ငှားရမ်း

Screenshot

သြဂုတ်-၇၊ ၂၀၂၅။ People’s Spring

ဝါရှင်တန်အခြေစိုက် DCI Group ဟာ အာဏာသိမ်းစစ်ကောင်စီအတွက် အမေရိကန်အစိုးရကို လော််ဘီလုပ်ပေးဖို့အတွက်တစ်နှစ်လျှင်ဒေါ်လာ ၃ သန်းတန်စာချုပ်ကိုချုပ်ဆိုလိုက်ပြီလို့သိရပါတယ်။

အမေရိကန် ထရမ့်အစိုးရက စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်သူ စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ၄ဦးကို ပိတ်ဆို့ဒဏ်ခတ်မှုစာရင်းကနေ ဖယ်ရှားလိုက်ပြီး သီတင်းပတ်အနည်းငယ်အကြာမှာပဲ အာဏာသိမ်းစစ်ကောင်စီက တစ်နှစ်ကို ဒေါ်လာ ၃ သန်း (မြန်မာငွေ ၁၃ ဘီလီယံကျော်)သုံးပြီး အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးပြန်လည်အဆင်ပြေဖို့ ကြိုးစားလာတာပါ။

Screenshot

စစ်ကောင်စီက ငှားရမ်းလိုက်တဲ့ လော်ဘီအဖွဲ့ DCI Group ဟာ အနည်းဆုံး လူပေါင်း ၅,၄၀၀ သေဆုံးခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်အပြီး ကုန်သွယ်ရေး၊ သဘာဝသယံဇာတနဲ့ လူသားချင်းစာနာမှုအကူအညီပေးရေး ကဏ္ဍတွေကို အဓိက အာရုံစိုက်သွားမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီဟာ သမ္မတထရမ့်အစိုးရ တက်လာကတည်းက(၂၀၂၅ ဇန်နဝါရီ ၂၀ရက်) အမေရိကနဲ့ ဆက်ဆံရေး ပြန်ကောင်းဖို့ ကြိုးစားခဲ့ပြီးသမ္မတအိမ်တော်အိမ်ဖြူတော်ကို ပေါက်ရောက်နိုင်မယ့် ရီပက်ဘလစ်ကန်အထိုင်နဲ့ လော်ဘီတွေ ငှားရမ်းကြိုးစားခဲ့တယ်လို့ မြန်မာ့အရေးသုတေသီတစ်ဦးက People’s Spring ကို ပြောပါတယ်။

“လက်ရှိထရမ့်ရဲ့မူဝါဒကစီးပွားရေးသမားဆန်ဆန် အပေးအယူသဘော(transactional)ကဲတော့ အဲ့ဒါကိုအခွင့်အရေးယူပြီးဝင်တိုးတာပေါ့။ဘယ်လောက်အောင်မြင်မလဲဆိုတာတော့ ပြောရခက်တယ်။ ဝင်တော့ ဝင်တိုးနေတာပဲ”လို့အဲဒီသုတေသီက ပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီက အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးပြန်ကောင်းဖို့ ငွေကြေးများစွာသုံးပြီး လော်ဘီတွေနဲ့ တိုးနေပေမယ့် လက်ရှိအချိန်အထိ အမေရိကန်မူဝါဒ မပြောင်းလဲသေးဘူးလို့ မြန်မာ့အရေးသုတေသီက သုံးသပ်ပါတယ်။

“သူတို့ဘက်ကဝင်တိုးနေပေမယ့်အခုထိတော့အမေရိကန်မူဝါဒက မပြောင်းသေးဘူးဆိုတာတော့ တွေ့ရတယ်။ စစ်တပ်ရဲ့ ပြည်တွင်းထဲမှာ လုပ်နေတဲ့ ဆိုးရွားရက်စက်မှုတွေ ကအင်မတန်ကိုဆိုးလွန်းတော့ ပြောင်းဖို့ကတော့ ခက်ပါသေးတယ်” လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီကို လော်ဘီလုပ်ပေးဖို့အတွက် ရီပတ်ဘလစ်ကန်ပါတီနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိတဲ့ DCI Group ရဲ့ မန်နေဂျင်းပါတနာ ဂျက်စတင်ပီတာဆန်နဲ့ ပါတနာ ရွိုင်ဂရီလိုတို့က တာဝန်ယူလုပ်ဆောင်ပေးမယ်လို့ သိရပါတယ်။

DCI Group က စစ်ကောင်စီကိုယ်စားပြုလုပ်ဆောင်ဖို့အတွက် သြဂုတ် ၁ရက်မှာပဲ မှတ်ပုံတင်သွင်းမှု ပြုလုပ်ခဲ့ပြီး စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနကတာဝန်ခံငှားရမ်းတာလို့ ဝါရှင်တန် သတင်းရင်းမြစ်တချို့က ဖော်ပြပါတယ်။ အဲဒီပြန်ကြားရေးဝန်ကြီးဌာနကို စစ်ဗိုလ်ချုပ်ဟောင်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း မောင်မောင်အုန်းက တာဝန်ယူနေတာဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ ၃သန်းတန် လော်ဘီအဖွဲ့ငှားရမ်းမှုမှာ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန အတွင်းဝန် ဝင်းကျော်အောင်က လက်မှတ်ရေးထိုးထားတာဖြစ်ပြီး အဓိကဆက်သွယ်ဆောင်ရွက်မယ့်သူမှာ ဒုတိယအတွင်းဝန်မြင့်ကျော်ဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်အစိုးရဟာ မြန်မာအာဏာသိမ်းစစ်ဗိုလ်ချုပ်တွေရဲ့မိတ်ဖက် လက်နက်ပွဲစားနဲ့ ခရိုနီလု ၄ ဦးကို အရေးယူပိတ်ဆို့မှုစာရင်းကနေ ဇူလိုင် လကုန်ပိုင်းမှာ ဖယ်ရှား​ပေးခဲ့ပါတယ်။အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အသိပေးထုတ်ပြန်ချက်အရ KT Services & Logistics နဲ့ တည်ထောင်သူ ဂျိုနသန်မျိုးကျော်သောင်း၊ MCM Group နဲ့ တည်ထောင်သူ အောင်လှိုင်ဦး၊ Suntac Technologies နဲ့ တည်ထောင်သူ စစ်တိုင်းအောင်တို့နဲ့ တခြား တစ်သီးပုဂ္ဂလိက အဖြစ် တင်လတ်မင်းကို အမေရိကန်အစိုးရရဲ့ အရေးယူပိတ် ဆို့မှုစာရင်းကနေ ဖယ်ရှားလိုက်တယ်လို့ ​ဖော်ပြထားပါတယ်။ ဒါ​ပေမယ့် တင်လတ်မင်းဆိုတာဟာ အာဏာသိမ်းစစ်​ခေါင်း​ဆောင်နဲ့ နီးစပ်တဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် သိန်းဝင်းဇော် ရဲ့ဇနီး ​တင်မင်းလတ်ဖြစ်ပါတယ် ။သူ့ကို အ​မေရိကန်အစိုးရက စတင်ပိတ်ဆို့အ​ရေးယူကတည်းက တင်လတ်မင်းလို့​ဖော်ပြခဲ့​ပေမယ့် အမှန်က ​တင်မင်းလတ်ဖြစ်ပါတယ်။

စစ်တပ်နဲ့ နီးစပ်တဲ့ ခရိုနီ​လေးဦးကို အ​မေရီကန်အစိုးရက အ​ရေးယူဒဏ်ခပ်မှုက​နေ ဖယ်ရှားလိုက်တာဟာ ​မူဝါဒ​ပြောင်းလဲတာမဟုတ်ပဲ အဆိုပါလုပ်ငန်းရှင်​တွေက အကုန်အကျများတဲ့လော်ဘီ​တွေ၊​ရှေ့​နေ ငှားရမ်းအကျိုး​ဆောင်ခိုင်းလို့ဖြစ်ပြီး နှစ်ရှည်လများ ဥပ​​ဒေပိုင်းဆိုင်ရာလုပ်ငန်း​တွေအပြီးမှာ ဖယ်​ပေးခဲ့တာလို့ နိုင်ငံတကာ​ရှေ့​နေအချို့ကမှတ်ချက်ပြုခဲ့ပါတယ် ။

အခုလို အမေရိကန်အစိုးရကအာဏာသိမ်းစစ်တပ်နဲ့ပတ်သက်ဆက်နွှယ်သူတွေအပေါ် အရေးယူပိတ်ဆို့မှုကနေ ဖယ်ရှားခဲ့တဲ့ လုပ်ရပ်ဟာ တုန်လှုပ်ဖွယ်ဖြစ်ပြီး ဘာကြောင့်အခုလိုလုပ်ဆောင်သလဲဆိုတာ ရှင်းလင်းမှုမရှိဘူးလို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW အာရှရေးရာ ဆော်သြရေးဒါရိုက်တာ ဂျွန်ဆစ်ဖ်တန်က Reuters ကို ပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။