Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့နယ်မှာ ခလရ(၁၀၄)တပ်က ပြည်သူ ၁၀ဦးခန့်ထပ်မံ ဖမ်းဆီး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က ခလရ(၁၀၄)တပ်ရင်းမှာ ပေါ်တာဆွဲဖမ်းဆီးထားသူတွေကို နေရာရွှေ့ရာမှာ လမ်းသွား၊လမ်းလာပြည်သူ ၁၀ ဦးခန့်ကိုပါ ထပ်မံဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်တွေက People’s Spring ကို ပြောပါတယ်။

လောင်းလုံးမြို့ပေါ်တနေရာမှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတွေကို တွေ့ရစဉ်။ ဓာတ်ပုံ − စကစ

သြဂုတ်-၁၃၊ ၂၀၂၅။ ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က ခလရ(၁၀၄)တပ်ရင်းမှာ ပေါ်တာဆွဲဖမ်းဆီးထားသူတွေကို နေရာရွှေ့ရာမှာ လမ်းသွား၊လမ်းလာပြည်သူ ၁၀ ဦးခန့်ကိုပါ ထပ်မံဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်တွေက People’s Spring ကို ပြောပါတယ်။

ဒီကနေ့ သြဂုတ် ၁၃ ရက်မနက် ၁၀နာရီဝန်းကျင်လောက်မှာ ခလရ(၁၀၄)တပ်ရင်းကနေ ကားခုနစ်စီးနဲ့ ပေါ်တာဆွဲထားသူတွေကို ခေါ်ထုတ်လာစဥ် ကမြောကင်းတံတားဂိတ်အနီး ခေတ္တအထိုင်ချပြီး လမ်းသွားလမ်းလာပြည်သူတွေကို စစ်ကောင်စီတပ်က ဖမ်းခေါ်သွားတာလို့ သိရပါတယ်။

“(ကား)၇ စီးလောက်ရှိတယ်ဗျ။ အရင်က ပေါ်တာဆွဲထားတဲ့သူတွေ အနည်းဆုံး ၃၀-၄၀ လောက်တော့ ပါသွားမယ်ယူဆရတယ်ဗျ။ Vigo ဖိုးဝှီးတွေအပြင် ဖောကားနှစ်စီးလည်းပါတယ်”လို့ စစ်ကောင်စီတပ်လှုပ်ရှားမှုကို ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက People’s Spring ကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က လိုအပ်နေတဲ့ စစ်မှုထမ်းတပ်သားသစ်စုစောင်းရေးအတွက် ထားဝယ်ခရိုင်ထဲမှာရှိတဲ့ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ ရေဖြူစတဲ့ မြို့နယ်လေးခုမှာ တပ်သားသစ် အယောက် ၃၀၀ ရအောင် ဖမ်းဆီးခေါ်ဆောင်မယ်လို့ သတင်းတွေထွက်နေသလို အခုလို ပေါ်တာဆွဲထားသူတွေကို နေရာရွှေ့တာဟာ သတ်မှတ်ဦးရေ ပြည်သွားလို့ ဖြစ်နိုင်ကြောင်း အဲဒီသတင်းရင်းမြစ်က ထင်မြင်ချက်ပေးပါတယ်။

ခလရ (၁၀၄)တပ်ရင်းကနေ ဖမ်းဆီးထားသူတွေကိုတင်ဆောင်ပြီး ထွက်လာတဲ့ယာဥ်တန်းဟာ ကမြောကင်းတံတားဂိတ်မှာခေတ္တစုဝေးပြီးနောက် ထားဝယ်မြို့ထဲကို ဆက်သွားခဲ့တယ်လို့ သိရပါတယ်။

အခုဆိုရင် စစ်ကောင်စီတပ်က ထားဝယ်ခရိုင်က လေးမြို့နယ်မှာ နေ့စဥ်နဲ့အမျှပေါ်တာဆွဲဖမ်းဆီးနေတာ နှစ်ပတ်နီးပါးရှိပြီဖြစ်ပြီး ကျေးရွာတွေကိုပါ စစ်ကြောင်းထိုးဝင်ရောက်၍ ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်လာနိုင်တာကြောင့် လူငယ်လူလတ်တွေအနေနဲ့ သတိထားသွားလာနေထိုင်ကြဖို့ လောင်းလုံးမြို့နယ် ပကဖက အသိပေးပါတယ်။

“စစ်ကြောင်းထိုးလာရင်တော့ လူငယ်လူလတ်ပိုင်းတွေနဲ့ ပြည်သူတွေ အဖမ်းမခံရဖို့လိုတယ်ဗျ။ လူငယ်ပိုင်းတွေ အဖမ်းခံရရင် ပြန်လွတ်မယ့်အခြေနေမရှိဘူး။ စစ်မှုထမ်းဖြစ်သွားနိုင်တယ်၊ အဲဒါလေးဂရုစိုက်စေချင်တယ်”လို့ လောင်းလုံး ပကဖ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောပါတယ်။

အခုလက်ရှိမှာ ထားဝယ်ခရိုင်ထဲက သရက်ချောင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးပြီး ပြည်သူတွေကိုဖမ်းဆီးနေတာ နှစ်ရက်ရှိပြီဖြစ်ပြီး သြဂုတ် ၁၃ ရက်ဒီကနေ့မှာ စစ်တပ်အင်အား ၂၀၀ ခန့်ဟာ ဥတ္တူရွာ၊ လောင်းမင်းဘရွာအနီးတဝိုက် ရောက်ရှိနေတယ်လို့ စုံစမ်းသိရပါတယ်။ စစ်ကောင်စီတပ်တွေ ရွာတွေကို စစ်ကြောင်းထိုးနေပေမယ့် သရက်ချောင်းနယ်ထဲမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားတာမျိုးတော့ မရှိသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။