ဩဂုတ်−၁၄၊ ၂၀၂၅။ ထားမြတ်/People’s Spring
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲရက်ဆက်ဖြစ်ပွားနေသည့် ဗန်းမော်မြို့ကို စစ်ကောင်စီက ယနေ့(ဩဂုတ်၁၄ရက်) မနက်အစောတွင် လေကြောင်းထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“ခုမနက် ၆နာရီ တကြိမ်၊ ၇နာရီ တကြိမ် ဗန်းမော်ကို လေယာဉ်ဗုံးကြဲ။ လေကြောင်းတိုက်လိုက်ပြီးတာနဲ့အသေခံဒရုန်းတွေဆက်တိုက်” ဟု သတင်းရင်းမြစ်က ဗန်းမော်တိုက်ပွဲ ယနေ့မနက်အခြေအနေကို ပြောသည်။
စစ်ကောင်စီတပ်သည် ယခု ဩဂုတ်လဆန်းမှစ၍ ဗန်းမော်မြို့ရှိ ၎င်းတို့ ဆုံးရှုံးထားရသည့် တပ်စခန်းနေရာများ ပြန်ရရေး လေကြောင်း၊ ဒရုန်းအားပြု ထိုးစစ်ဆင်မှု နေ့တိုင်းပြုလုပ်လျက်ရှိသည်။ထိုသို့ လေကြောင်း တိုက်ခိုက်မှုနှင့်အတူ မြေပြင်ထိုးစစ်ဆင်မှုများလည်းရှိသည်ဟု ဆိုသည်။

Public Service Announcement
ဩဂုတ် ဒုတိယပတ်အစတွင် ယခင် KIA သိမ်းထားပြီးဖြစ်သည့် အမှတ်(၃၃၆) အမြောက်တပ် (အမတ−၃၆၆)တပ်ရင်းကို စစ်ကောင်စီက ပြန်လည်နေရာယူထားနိုင်သကဲ့သို့ ဗန်းမော်လေဆိပ်နေရာအချို့ကိုလည်း KIA ဘက်က ပြန်ဆုတ်ပေးထားရ၍ လေဆိပ်တွင် KIAနှင့် စစ်ကောင်စီ နှစ်ဖက်လုံး ရှိနေသည်ဟု သတင်းရင်းမြစ်အချို့က ပြောသည်။
“အမတ -၃၆၆ နှင့် လေဆိပ်နေရာအချို့အပြင် အခြားနေရာများ KIAဘက်ကဆုတ်ခွာပေးရခြင်းမရှိသေးပါ ဟုကချင်သတင်းရင်းမြစ်က သြဂုတ် ၁၄ ရက်မနက်တွင် ပြောသည်။
ဗန်းမော်မြို့တိုက်ပွဲ အခြေအနေနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ မေးမြန်းထားဆဲဖြစ်သည်။
KIO/KIA အနေဖြင့် ဌာနချုပ် လိုင်ဇာဒေသတွင် အခြားသော နွေဦးတော်လှန်ရေးတပ်ဖွဲ့များကို တဖွဲ့ပြီးတဖွဲ့ တွေ့ဆုံလျက်ရှိသည့် အခြေအနေတွင် စစ်ကောင်စီဘက်ကလည်း လေကြောင်း ဖိအားပေးမှုများ ရှိလာနိုင်ကြောင်း သတင်းရင်းမြစ်အချို့က သတိပေးပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လေကြောင်း သတင်းကို အထူးဂရုစိုက်နေထိုင်ရန်လိုအပ်ကြောင်း ပြောသည်။

















































