ဩဂုတ်−၁၄၊ ၂၀၂၅။ ထားမြတ်/People’s Spring
တနင်္သာရီတိုင်း၊ရေဖြူမြိုနယ်အတွင်းဩဂုတ် ၁၃ရက်က တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်သေဆုံးထိခိုက်မှုများပြားကာတိုက်ပွဲအပြီးလက်နက်ကြီးကြောင့် တော်လှန်ရေးရဲဘော်များလည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF) ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ပြောသည်။
ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်သည် ခမရ (၄၀၉)၊ ခမရ(၄၁၀) နှင့် ခလရ(၂၈၂)တပ်ရင်းတို့မှ စစ်ကြောင်းထိုးလာခဲ့၍ ရာမညမွန်တပ်တော် (RMA)၏ ရေဖြူဒေသတပ်ဖွဲနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲများနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ (၂) ကြိမ် ဖြစ်ပွားခဲ့ဟု NMSP-AD/RMA က သတင်းထုတ်ပြန်သည်။
ယင်းတိုက်ပွဲအတွင်း ရာမညမွန်တပ်တော် (RMA) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲများဖြစ်ကြသည့် မွန်ပြည်တော်လှန်ရေးတပ်ဖွဲ (MSRF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇)၊ KTLA ကြယ်လင်းရောင်တပ်ရင်း၊ နည်းဗျူဟာ (၃၃) စစ်ဆင်ရေးတပ်ဖွဲ၊ ဒေါနတပ်ရင်း (၂) (YGF) နှင့် ဒေါနတပ်ရင်း (KBDF) တို့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၄ဦးသေဆုံးကာ ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement
ထို့ပြင် တော်လှန်ရေးရဲဘော် ၁၀ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။
ပူးပေါင်းတပ်ဖွဲ့၌ ပါဝင်သည့် MSRF ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က “မနေ့က တိုက်ပွဲက တော်တော်လေး ပြင်းထန်တဲ့တိုက်ပွဲတခုဖြစ်ခဲ့တယ်။
ရန်သူဘက်က လည်းအင်အား ၁၅၀ ရှိတဲ့ စစ်ကြောင်းနဲ့ စစ်ကြောင်းထိုးလာတယ်။ ကျမတို့ဘက်ကလည်း ပြန်ပြီးတော့ခံပစ်တဲ့အနေအထားမှာ ရန်သူဘက်က ဖရိုဖရဲ ဖြစ်ပြီးတော့ သူတို့ ပြန့်ကြဲသွားတဲ့ အခြေအနေမှာရှိတယ်။လက်ရှိ အခြေအနေအထိတော့ စစ်ရေးက တင်းမာနေဆဲဖြစ်ပါတယ်” ဟု ပြောသည်။
စစ်ကောင်စီဘက်က သေဆုံးသည့် ၁၄ဦးတွင် ဗိုလ်အဆင့် အရာရှိ တဦး ပါဝင်ဟုလည်း မိတလဉာဏ်က ပြောသည်။ သို့သော် စစ်ကောင်စီတပ်၏ သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။
“အဲဒီတိုက်ပွဲဖြစ်ပြီးတဲ့နောက်ပိုင်းထိတွေ့တိုက်ပွဲမှာမဟုတ်ဘဲ လက်နက် ကြီးနဲ့ပစ်ခတ်ခံရတဲ့အတွက်ကြောင့် တော်လှန်ရေးဘက်က ၈ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရခဲ့တဲ့ ရဲဘော် ၈ယောက်ကလည်း စိုးရိမ်ရတဲ့ အခြေအနေမဟုတ်ပါဘူးရှင့်။ ပြီးလို့ရှိရင် ပြည်သူ ၁ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ သူ့ရဲ့အခြေအနေကလည်း စိုးရိမ်ရတဲ့ အခြေအနေ မဟုတ်ပါဘူးရှင့်” ဟု မိတလဉာဏ်က ပြောသည်။
မွန်နှင့် တနင်္သာရီဒေသရှိ စစ်ကောင်စီတပ်များအား မွန်၊ ကရင်၊ PDF တပ်များပူးပေါင်းပြီး တိုက်ခိုက်လျက်ရှိရာတိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။


















































