Connect with us

Hi, what are you looking for?

သတင်း

ပုလဲနယ်ကို စစ်တပ်က အင်အားအများအပြားပို့ စစ်ကြောင်းထိုး၊ ကန့်ဒေါင့်တိုက်ပွဲ ဆက်ဖြစ်နေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်က အင်အားအများအပြားပို့ စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် ကန့်ဒေါင့်ရွာစခန်း ပြန်သိမ်းပိုက်ရန်ကြိုးစားနေကြောင်း သတင်းရရှိသည်။

PLAပူးပေါင်းတပ် သိမ်းပိုက်ထိန်းချုပ်ထားသော ကန့်ဒေါင့်ရွာအား တွေ့ရစဉ်။ ဓာတ်ပုံ - PLA

ဩဂုတ် ၂၁၊၂၀၂၅။လူအေး၊မေ/People’s Spring

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်က အင်အားအများအပြားပို့ စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် ကန့်ဒေါင့်ရွာစခန်း ပြန်သိမ်းပိုက်ရန်ကြိုးစားနေကြောင်း သတင်းရရှိသည်။

” နမခကနေ Mi17နဲ့ ပို့တာ။ အင်မထီးရွာကို ပို့ပြီး အဲ့ဒီကနေ စစ်ကြောင်းထိုးနေတာ။ စစ်ကြောင်း ခြောက်ကြောင်းလောက်အထိသုံးပြီး ကန့်ဒေါင့်ကို ပြန်ထိုင်ဖို့ ကြိုးစားနေတယ်။ ကန့်ဒေါင့်မှာလည်းတိုက်ပွဲဆက်ဖြစ်နေတုန်းပဲ”ဟု ပုလဲမြို့နယ်မှ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ပုလဲမြို့နယ်တွင် ပုလဲမြို့မရဲစခန်းပြီးရင် အကြီးဆုံး ရဲစခန်းဖြစ်သည့် ကန့်ဒေါင့်ရွာရဲစခန်းကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLAဦးဆောင်ပြီး ပူးပေါင်းတပ်များက ပြီးခဲ့သည့်ဇွန်လ ၁၉ရက်တွင် သိမ်းယူခဲ့သည်။

Public Service Announcement

Public Service Announcement

ဇူလိုင်လကုန်ပိုင်းတွင် အင်မထီးပျူစောထီးရွာကို စစ်ကောင်စီက လေကြောင်းမှ အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာ၍ တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့နောက်ပိုင်းတွင် စစ်ကောင်စီတပ်က မုံရွာမြို့အခြေစိုက်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှနေ၍ စစ်မှုထမ်းသင်တန်းဆင်းတပ်သားများအား လေကြောင်းမှ ထပ်မံပို့‌ဆောင်ပြီး စစ်ကြောင်းထိုးနေခြင်းဟုသတင်းရရှိသည်။

ကန့်ဒေါင့်စခန်းကို တိုက်ခိုက်နေစဉ် အနီးရှိ ကျေးရွာများအား အင်အား၂၀၀ခန့်ဖြင့် လှည့်၍ စစ်ကြောင်းထိုးနေသည်။

“အိမ်တံခါးရွက်ကအစ မချန်ဘူး။အကုန် သယ် တာ။တချို့အိမ်တွေ မီးရှို့တယ်။ ငှက်ပျောတောရွာမှာဆို စပါးတွေ၊ ဆီ‌တွေကြိတ်ယူသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇီးဖြူကုန်းပျူစောထီးရွာမှ ထွက်လာသည့် စစ် ကြောင်းနှင့် တော်လှန်ရေးတပ်များ ဩဂုတ်၂၀ ရက်က မင်းတိုင်ပင်ရွာမြောက်ဘက်၌ တိုက်ပွဲဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။

ထို့နောက် နေ့လည်၂နာရီကျော်တွင် မင်းတိုင်ပင်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“တော်တော်လောင်သွားတယ်ထင်တယ်။မီးခိုးရောမီးတာက်ရော ကြီးတယ်”ဟု ဒေသခံတစ်ဦး က ပြောသည်။

ဇီးဖြူကုန်းရွာမှ စစ်ကြောင်းသည် ဒေသခံ ပြည်သူများအား ဓားစာခံအဖြစ်ဖမ်းဆီးကာ သတ်ဖြတ်မှုတွေလည်း ပြုလုပ်ထားကြောင်း ဒေသခံများက ဆိုသည်။

ချောင်းနား၊ မဲဇရပ်၊ ဦးနှောက်၊ ညောင်းရင်းကုန်း၊ တလိုင်းကန်ရွာအပါအဝင် ပုလဲမြို့နယ် အနောက်ပိုင်းမှ ကျေးရွာ ၁၀ရွာထက်မနည်း တိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။

ပုလဲမြို့နယ်မှ အင်မထီး၊ ဇီးဖြူကုန်းရွာတို့၌လည်း စစ်ကောင်စီက တပ်စွဲထားပြီး ယင်းနေရာများမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း စစ်ဘေးရှောင်များကပြောသည်။

ပုလဲမြို့နယ်သည် ယင်းမာပင်ခရိုင်၌ ပါဝင်ပြီး ဒေသတွင်းရှိ ဘုတလင်၊ ကနီ၊ ဆားလင်းကြီးမြို့နယ်တို့တွင်လည်း စစ်ရေးတင်းမာနေကြောင်းသတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဗိုလ်မှူး ရုပ်အလောင်း တွေ့ရှိပြီး အဲဒီဒေသတိုက်ပွဲတွေအတွင်း အရာရှိ အဆင့်သေဆုံးသူ ၄ ဦးရှိပြီလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook