Connect with us

Hi, what are you looking for?

သတင်း

ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေးကူညီဖို့ နိုင်ငံတကာ အသိုက်အဝန်းကို ဘင်္ဂလားဒေ့ရှ်ယာယီဝန်ကြီးချုပ်

ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာဖက်ကို နေရပ်ပြန်ရေးကိစ္စ နိုင်ငံတကာ အသိုက်အဝန်းက ဝိုင်းဝန်း ကူညီပေးဖို့ ဘင်္ဂလားဒေ့ရှ် ယာယီ ဝန်ကြီးချုပ် မူဟာမက် ယူနွတ်စ်က တောင်းဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် ယာယီ ဝန်ကြီးချုပ် မူဟာမက် ယူနွတ်စ်။ ။ဓါတ်ပုံ-AFP

တောင်းဆို

■နိုင်ငံတကာအစိုးရတွေအနေနဲ့ အာဏာသိမ်းစစ်တပ်နဲ့ဆက်ဆံရေးကိုပြန်သုံးသပ်ဖို့လည်းတိုက်တွန်း

သြဂုတ်-၂၆၊၂၀၂၅။People’s Spring

ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာဖက်ကို နေရပ်ပြန်ရေးကိစ္စ နိုင်ငံတကာ အသိုက်အဝန်းက ဝိုင်းဝန်း ကူညီပေးဖို့ ဘင်္ဂလားဒေ့ရှ် ယာယီ ဝန်ကြီးချုပ် မူဟာမက် ယူနွတ်စ်က တောင်းဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြည်တွင်းမှာခိုလှုံနေတဲ့ရိုဟင်ဂျာ၁.၅သန်းလောက်အတွက် သူ့ရဲ့နိုင်ငံက နောက်ထပ် ပံ့ပိုး ကူညီနိုင်စွမ်း မရှိတော့ဘူးလို့ ယူနွတ်စ်က ပြောပါတယ်။ အဲဒီအတွက်ရိုဟင်ဂျာတွေဘေးကင်းကင်း၊ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး လမ်းပြမြေပုံတစ်ခု ရေးဆွဲ အကောင်အထည် ဖော်နိုင်ရေး နိုင်ငံတကာကဝိုင်းဝန်းအကူအညီပေးကြဖို့ယူနွတ်စ်ကမေတ္တာရပ်ခံခဲ့ပါတယ်။

ရခိုင်ပြည်နယ်ကနေ ရိုဟင်ဂျာတွေ အလုံးအရင်းနဲ့ ထွက်ပြေးလာပြီး ၈ နှစ်အကြာ ကော့စ်ဘဇားမှာ ပြုလုပ်တဲ့ ရိုဟင်ဂျာအရေး ၂ ရက်ကြာ ဆွေးနွေးပွဲမှာ ယူနွတ်စ်က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ကော့စ်ဘဇားဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အရေအတွက်အများဆုံးလက်ခံထားတဲ့ ဒေသပါ။

ရိုဟင်ဂျာတွေလိုလိုလားလား၊ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး လက်တွေ့ကျတဲ့ လမ်းပြမြေပုံတစ်ခု ပေါ်ထွန်းဖို့ လိုနေပြီဖြစ်ကြောင်း၊ လက်ရှိ ကာလဟာ လက်တွေ့ လုပ်ဆောင်မှုတွေ မဖြစ်မနေ စတင်ဖို့ လိုအပ်တဲ့ အခြေအနေ ဖြစ်နေကြောင်းယူနွတ်စ်က ပြောကြားသွားပါတယ်။

သူကမြန်မာနိုင်ငံကလက်နက်ကိုင်ပဋိပက္ခတွေချက်ချင်းရပ်တန့်ရေး၊ တိုင်းရင်းသား မျိုးနွယ်စုတွေကြားက တင်းမာမှုတွေကို လျှော့ချပေးနိုင်မယ့် ဆွေးနွေးမှု လုပ်ငန်းစဉ်တွေ ပေါ်ထွန်းလာရေး ဆိုတာတွေကိုလည်း တောင်းဆိုခဲ့ပါတယ်။

ပြီးတော့ မြန်မာနိုင်ငံမှာ လူမျိုးရေး ရှင်းလင်းမှုတွေ ကြုံတွေ့ခဲ့တဲ့ ရိုဟင်ဂျာတွေဖက်ကနေ တစ်ကမ္ဘာလုံးကခိုင်ခိုင်မာမာရပ်တည်ပေးဖို့၊ နိုင်ငံတကာ အစိုးရတွေအနေနဲ့ အာဏာသိမ်းမြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကို ပြန်သုံးသပ်ဖို့လည်း ယူနွတ်စ်က တိုက်တွန်းသွားပါတယ်။

၂၀၁၇ ခုနှစ်၊ ဩဂုတ်လတုန်းက နယ်မြေရှင်းလင်းရေး နာမည်ခံပြီး ပြင်းထန်တဲ့ ဖြိုခွင်းမှုတွေကို မြန်မာစစ်တပ်က လုပ်ဆောင်ခဲ့တဲ့နောက် ရိုဟင်ဂျာ ၈ သိန်းနီးပါးလောက် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရပါတယ်။အဲဒီနောက်ပိုင်းမှာလည်းနောက်ထပ်ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ တရိပ်ရိပ် တိုးလာနေခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အခြေအနေက နိုင်ငံရဲ့ စီးပွားရေး၊ သယံဇာတ ရင်းမြစ်၊ သဘာဝ ပတ်ဝန်းကျင်၊ ဂေဟစနစ်၊ လူ့အဖွဲ့အစည်းနဲ့ စီမံအုပ်ချုပ်မှုတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့ကြောင်းလည်း ယူနွတ်စ်က ထောက်ပြသွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာခြင်းကလည်း ရိုဟင်ဂျာ စစ်ရှောင်တွေ ဘင်္ဂလားဒေ့ရှ်ကို တိုးပွားရောက်ရှိဖို့ တွန်းအား ဖြစ်စေခဲ့ပါတယ်။ ၂၀၂၄ နှစ်ဆန်းပိုင်းကစလို့ နောက်ထပ် ရိုဟင်ဂျာ ၁ သိန်းခွဲကျော်ဟာ ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။

တစ်ဖက်မှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က နိုင်ငံတကာ ထောက်ပံ့ရေး ရန်ပုံငွေတွေကို ရပ်တန့်ပစ်လိုက်တာ အပါအဝင် ဘဏ္ဍာရေး အကျပ်အတည်း ပြဿနာတွေကြောင့် ရိုဟင်ဂျာအရေး လှုပ်ရှားနေတဲ့ လူသားချင်း စာနာမှု အဖွဲ့အစည်းတွေလည်း ပိုမို ရုန်းကန်နေကြရပါတယ်။

ကိုးကား-Al Jazeera

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းအနီးမှာ ငါးဖမ်းနေကြတဲ့ ဒေသခံရိုဟင်ဂျာငါးဖမ်းစက်လှေ ၂စီးကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောတွေက ပစ်ခတ်၊ မီးရှို့ခဲ့ပြီး စက်လှေပေါ်ပါလာသူတွေကို ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ အာရက္ခတပ်တော်(AA)နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီး၊ စစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေကို အသုံးပြုတိုက်ခိုင်းနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေကပြောပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အခုနှစ်အတွင်း ဝက်သက်ရောဂါကြောင့် သေဆုံးတဲ့ ကလေးဦးရေ ၁၀၀၀ ကျော်လွန်လာကြောင်း သိရပါတယ်။