သြဂုတ်−၃၁၊ ၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြာက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိတွေအပါအဝင် ထိခိုက်သေဆုံးမှုရှိကြောင်း Chindwin Rocket Brothers -C.R.B ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်၂၉ ရက်က ၁၀ ကြိမ်၊ သြဂုတ် ၂၆ ရက်က ၁၀ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာသတင်းစုံစမ်းချက်တွေအရ စစ်တိုင်းရုံးက အရာရှိ(၃)ဦး၊ စစ်သား (၅)ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ Chindwin Rocket Brothers -C.R.B ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ပြင်းထန်ဒဏ်ရာရ စစ်သား ၇ဦးကိုလည်း ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

Public Service Announcement
“လက်နက်ကြီးတွေ ဘေးပတ်ဝန်းကျင်ကို၁၀လုံးအထက်ပြန်ပစ်ပါတယ်။ နောက်ရက်ထိလည်းပစ်နေတုန်းပါ။ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေကတော့ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်”လို့ C.R.B ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် နမခစစ်တိုင်းရုံးအတွင်းရှိ ယမ်းသိုလှောင်ရုံလည်း မီးလောင်ပျက်စီးတယ်လို့ C.R.B က ထုတ်ပြန်ပါတယ်။
အဆိုပါ ပျက်စီးထိခိုက်မှုတွေနဲ့ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
Chindwin Rocket Brothers-CRBက မုံရွာနမခအတွင်းကို ၇ ကြိမ်နဲ့ ၈ ကြိမ်မြောက် တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
အဲဒီစစ်ဆင်ရေးတွေကို မုံရွာခရိုင် ကွပ်ကဲရေးရဲ့ စီစဉ် ညွန်ကြားမှုနဲ့ ချင်းတွင်းရော့ကတ်ညီနောင် (Chindwin Rocket Brothers -C.R.B)ဦးဆောင်ပြီး မဟာမိတ်အဖွဲ့များဖြစ်တဲ့ ချိုမိုင်မိုင်(ကနီ)၊Anonymous Heroes၊Bandula Defense Force၊Budalin Defense Force၊Federal Democratic Force၊Chindwin Brothers ၊အုပ်ကြီးနှင့်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
မုံရွာနခမအတွင်းကို ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်အုပ်စု ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။


















































