စက်တင်ဘာ-၇၊၂၀၂၅။ဇော်ရမ်း/People’s Spring
ပဲခူးတိုင်း၊ တောင်ငူအနီးတွင် ယနေ့နံနက်ပိုင်းရစ်ခ်တာစကေး ၅ ဒဿမ၁ အဆင့်ငလျင်လှုပ်သွားပြီးတောင်ငူအပြင် ဖြူး၊ ရေတာရှည်၊အုတ်တွင်းမြို့နယ်များ၌ပါ သိသိသာလှုပ်ရှားသွားသည်။
အဆိုပါငလျင်သည် စက်တင်ဘာလ ၇ရက် နံနက် ၉နာရီ ၄၇မိနစ်၌ မြေအောက်အနက် ၁၀ ကီလိုမီတာ(၆ မိုင်ကျော်)ကိုဗဟိုပြု၍ လှုပ်ရှားသွားခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ထုတ်ပြန်ထားသည်။
ဇောက်တိမ်ငလျင်ဖြစ်ပြီး ပြင်းအား ရစ်ခ်တာစကေး ၅ ဒဿမ ၁ ရှိသောကြောင့်အင်အားအသင့်အတင့်ရှိသောမြေငလျင်ဖြစ်သည်။

Public Service Announcement
“စက္ကန့်ပိုင်းအအတွင်း သုံးချက်တောင် ဆွဲခါသွားတာ။ တော်တော်ပြင်းတယ်”ဟု ရေတာရှည်မြို့ခံတစ်ဦးက ပြောသည်။
တောင်ငူ၊ဖြူး၊ ရေတာရှည်၊အုတ်တွင်းမြို့နယ်များသည် ဒေသတွင်း ဆက်စပ်တည်ရှိပြီး မတ်လ၂၈ရက်က စစ်ကိုင်းနှင့်မန္တလေးကို ဗဟိုပြု လှုပ်ခဲ့သော ရစ်ခ်တာစကေး ၇ဒဿမ၇ ငလျင်၏ နောက်ဆက်တွဲ ငလျင်လှုပ်နိုင်သည့်ဒေသများတွင် အဆိုပါမြို့များလည်းပါဝင်ကြောင်း ဘူမိဗေဒကျွမ်းကျင်သူများက ပြောထားသည်။
အမေရိကန်အာကာသအေဂျင်စီ (NASA)၏ လေ့လာချက်အရ မတ်လ ၂၈ရက်က ငလျင်သည် မန္တလေးတိုင်း စဉ့်ကူးမြို့မှ ပဲခူးတိုင်းဖြူးမြို့နယ်အထိ၃၄၂ မိုင်အရှည် မြေပြင်အက်ကြောင်းများဖြစ်ခဲ့သည်။ ပြတ်ရွေ့ကြောတလျှောက် ၃ မီတာ(၁၀ ပေ ကျော်) မြေရွဲ့စောင်းသွားပြီး တချို့နေရာများ၌ ၆ မီတာကျော်အထိ မြေရွဲ့စောင်းသွား၍ ထိုပြတ်ရွှေ့လမ်းကြောင်းတလျောက်မြို့နယ်များ၌ နောက်ဆက်တွဲ ငလျင်များဆက်လှုပ် နိုင်သည်ဟု ပညာရှင်များက သတိပေးထားသည်။
















































