Connect with us

Hi, what are you looking for?

သတင်း

စကခ(၂၁)အနီး တပ်ရင်းအချို့ စစ်တပ်ပြန်ရသော်လည်း ဗန်းမော်မြို့နေရာအများအပြားထိန်းချုပ်ထားဟု KIA ပြော

ကချင်ပြည်နယ် ဗန်းမော်မြို့အခြေစိုက် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အနီး စစ်ကောင်စီတပ်ရင်း ဌာနချုပ် ၂ခုကို စက်တင်ဘာ ၁၁ညနေပိုင်းတွင် လက်လွှတ်ခဲ့ရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ မြင်တွေ့ရတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ − CJ

စက်တင်ဘာ−၁၂၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ် ဗန်းမော်မြို့အခြေစိုက် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အနီး စစ်ကောင်စီတပ်ရင်း ဌာနချုပ် ၂ခုကို စက်တင်ဘာ ၁၁ညနေပိုင်းတွင် လက်လွှတ်ခဲ့ရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

စစ်ကောင်စီတပ်က ဗန်းမော်မြို့အနီး တပ်ဌာနချုပ်များ၊ တပ်စခန်းများနှင့် ရပ်ကွက်ကျေးရွာအချို့အား ပြန်လည်ထိန်းချုပ်နိုင်ကြောင်းသတင်းထုတ်ပြန်ခဲ့ရာ ဗိုလ်မှူးကြီးနော်ဘူက ယခုကဲ့သို့ပြောကြားသည်။

“မနေ့က စက်တင်ဘာ ၁၁ရက်နေ့ ညနေပိုင်းလောက်မှာ စကခ(၂၁) ပတ်ဝန်းကျင်မှာ ရှိနေတဲ့ သူတို့ရဲ့ သံချပ်ကာတပ်တို့ နောက် ခလရ(၂၃၆)တို့ သူတို့ ပြန်ရသွားတဲ့ အနေအထားရှိပါတယ်။ အခြား မြို့တွင်းမှာကတော့ ကျနော်တို့လည်း နဂိုရ်အတိုင်းပဲ အားလုံးတော်တော်များများနေရာမှာ ကျနော်တို့ ပြန်ထိန်းချုပ်ထားတဲ့ အနေအထားတော့ရှိပါတယ်။ တမြို့လုံးကို သူတို့ ထိန်းချုပ်တာတော့ မဟုတ်ပါဘူး။ကျနော်တို့လည်း အများကြီးရှိပါသေးတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

ဗန်းမော်မြို့တွင် တိုက်ပွဲဆက်ရှိနေကြောင်း၊ KIA ပူးပေါင်းတပ်၏ စစ်ကြောင်းများစွာ ရှိနေကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီက ဗန်းမော်တိုက်ပွဲအတွင်း KIA ပူးပေါင်းတပ်က ၄၆၀၀ ကျော် ကျဆုံးသည်ဟု ဝါဒဖြန့် သတင်းထုတ်ပြန်ခဲ့ရာ ကချင်စစ်ရေး သတင်းရင်းမြစ်က “ ငါတို့အဲဒီလောက် အင်အားမသုံးပါဘူး” ဟု ပြောပြီး စစ်ကောင်စီက ဝါဒဖြန့်ခြင်းသာ ဖြစ်ဟု ပြောသည်။

စစ်ကောင်စီက ၎င်းတို့ လက်အောက်ခံတပ်ဖွဲ့ဝင်များ စိတ်ဓာတ်တက်ကြွစေရန် စိတ်ဓာတ်စစ်ဆင်ရေး လုပ်ဆောင်သည်ဟု ယူဆကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ဗန်းမော်ကတော့ အခုအချိန်ထိ ငါတို့ အကုန်ဝိုင်းထားဆဲပဲ။ သူတို့ ထွက်လို့မရဘူး.. ဗန်းမော်ကို ငါတို့ ရအောင် သိမ်းမှာပါ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIAသည် ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာတွင် စတင်ခဲ့ရာ စစ်ကောင်စီတပ်စခန်းနေရာများစွာ သိမ်းပိုက်ကာ စစ်သုံ့ပမ်းအများအပြားလည်း ဖမ်းမိခဲ့သည်။

အခြားကချင်ဒေသ သတင်းအချို့မှာ ၀ိုင်းမော်နှင့် ဖားကန့်၌လည်း KIAနှင့် စစ်တပ်အကြား စစ်ရေးတင်းမာမှုနှင့် တိုက်ပွဲအချို့ ဆက်ရှိဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“အဲဒီဘက်မှာ စစ်ရေးအခြေအနေက တော်တော်တင်းမာတဲ့အနေအထားဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးဘူက၀ိုင်းမော် တိုက်ပွဲ အခြေအနေကို ပြောသည်။

ထို့အပြင် ဖားကန့်မြို့နယ်တွင်လည်း တိုက်ပွဲနေ့တိုင်းနီးပါးရှိဟု အသိပေးသည်။ ယမန်နေ့ စက်တင်ဘာ ၁၁ရက် ဖာကန့်တိုက်ပွဲမှာ ပြင်းထန်ခဲ့ဟု အသိပေးသည်။

“ပြည်သူလူထုတွေထိခိုက်တာလည်းရှိတယ်။ စကစ ဘက်မှာလည်း တော်တော်များများ အထိနာတယ်လို့ ကျနော်တို့ ကြားသိရပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ဖားကန့်တိုက်ပွဲအကြောင်း ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာဒီနေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလက်နက်ကြီးတွေပစ်ခတ်နေသလို ဒေသခံတွေဟာ ဘေးပတ်ဝန်းကျင်မြို့တွေကိုရှောင်တိမ်းလာကြတယ်လို့သိရပါတယ်။