စက်တင်ဘာ-၂၄ ၊ ၂၀၂၅။ ဇော်ဝင်း/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်-နမခထဲကို ဂျိုင်ရိုကော်ပတာ(Gyrocopter)တွေ ရောက်ရှိလာတယ်လို့ လေကြောင်းသတင်းစောင့်ကြည့်တဲ့ ဝေဟင်နဲ့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
ဒါကြောင့် နမခ ကနေ ကီလိုမီတာ ၁၀၀ (၆၂ မိုင်ခန့်)အကွာအဝေးအတွင်းမှာရှိတဲ့ မြို့နယ်တွေအနေနဲ့ ဂျိုင်ရိုကော်ပတာ(Gyrocopter)တွေ လာရောက်တိုက်ခိုက်ခံရနိုင်တယ်လို့ သတိပေးပါတယ်။စက်တင်ဘာ လ ၂၀ ရက်နောက်ပိုင်းမှာ ၄ စီးရောက်လာတာဖြစ်တယ်လို့ PDF အချို့ကပြောပါတယ်။
“မိတ္ထီလာကနေ မုံရွာ နမခ ထဲ ဆင်းသွားတဲ့ သတင်းရထားပါတယ်။ အခုအချိန်ထိတော့ သုံးတာမတွေ့သေးဘူး။ Paramotor တော့ သုံးနေတာတွေ့ရပါတယ်”လို့ မုံရွာ ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement
ပြည်သူတွေအနေနဲ့ ကြိုတင်သတိပြု ရှောင်ရှားဖို့ လိုအပ်တဲ့ကာကွယ်ရေးအစီအမံတွေ ကြိုတင်လုပ်ဆောင်နိုင်ဖို့ ဝေဟင်အဖွဲ့က တိုက်တွန်းထားပါတယ်။
“စစ်ရေးအနေနဲ့ကတော့ ရှုပ်ထွေးနေဆဲပါ။ မိုးညှင်း ကျောက္ကာ ဒါတွေကို စကစ ဘက်က တပ်စွဲနေတယ်။ အဓိက,ကတော့ သာသနာ့နယ်မြေနဲ့ ရှေးဟောင်းအမွေ အနှစ်နေရာတွေ စစ်ရှောင်တွေကို အကာ အကွယ်ယူပီး တပ်စွဲနေတာပေါ့။တလရ အဖွဲ့တွေအနေနဲ့ လုပ်ရကိုင်ရ ကြပ်တည်းတဲ့အနေအထားမျိုး ဖြစ်နေတယ်”လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
နမခ ကနေ ကီလိုမီတာ ၁၀၀ အတွင်း အရာတော်၊ ချောင်းဦး၊ မြင်းမူ၊ ဘုတလင်၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ စစ်ကိုင်း၊ ဝက်လက်၊ ရွှေဘို၊ ခင်ဦး၊ ဒီပဲယင်း၊ ရေဦး အပြင် မကွေးတိုင်းထဲက ရေစကြို၊ မြိုင်၊ ပေါက် နဲ့ မန္တလေးက ငါန်းဇွန်၊ မြင်းခြံမြို့နယ်အထိ ဖြန့်ကျက်နိုင်တယ်လို့ အသိပေးပါတယ်။
ဂျိုင်ရိုကော်ပတာ(Gyrocopter)ဟာ စက်တပ်လေထီး (Paramotor)တွေလို အသံဆူညံကာ စက်တပ်လေထီး (Paramotor)တွေထက် အမြင့်ပေ ပိုမို ပျံသန်းလေ့ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် စက်တပ်လေထီး Paramotorတွေထက်ပိုမိုမြန်ဆန်ပြီး ၁ နာရီ ကီလိုမီတာ ၉၀ နှုန်းဝန်းကျင် ပျံသန်းလေ့ရှိတယ်လို့ ဝေဟင်က ခန့်မှန်းပါတယ်။
လက်နက်တပ်ဆင်မှုအနေနဲ့ ၁၂၀ မမ ဗုံးသီးတွေ ချိတ်ဆွဲ အသုံးပြုနိုင်ပြီး တစ်စီးကို ဗုံးသီး သုံးလုံးဝန်းကျင် သယ်ဆောင်ကြဲချနိုင်ပါတယ်။ ဂျိုင်ရိုကော်ပတာနဲ့ တိုက်ခိုက်ခဲ့မှုကို မန္တလေးတိုင်း၊ မြင်းခြံမှာ ဇူလိုင် ၁၈ ရက်က စတင်အသုံးပြုထားတယ်လို့လည်း သိရပါတယ်။
ဂျိုင်ရိုကော်ပတာ မတိုင်မီက စက်တပ်လေထီးတွေကို စစ်ကောင်စီက ၂၀၂၄ နှစ်ကုန်ပိုင်းက အသုံးပြုခဲ့ပြီး အထူးသဖြင့် မိထ္တီလာလေတပ်စခန်းအခြေပြုပြီး ညအချိန်ဗုံးကြဲတာ တွေကြောင့် အရပ်သားပြည်သူ ၅၀ ဝန်းကျင် ထိခိုက်သေဆုံးထားရပါတယ်။
မုံရွာ နမခထဲ ဂျိုင်ရိုကော်ပတာ(Gyrocopter)တွေ ရောက်ရှိလာ စက်တင်ဘာ-၂၄ ၊ ၂၀၂၅။ ဇော်ဝင်း/People's Spring စစ်ကိုင်းတိုင်း၊…
Posted by People's Spring on Tuesday 23 September 2025
ရုပ်သံ – ဝေဟင်

















































