စက်တင်ဘာ−၂၅။၂၀၂၅။ ထားမြတ်/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ သီပေါမြို့တွေမှာ စစ်ကောင်စီတပ်ရဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)နဲ့ သတင်းပေး (ဒလန်)တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီ စစ်ကောင်စီ ထောက်လှမ်းရေးတွေဟာ ပုံစံမျိုးစုံ အယောင်ဆောင် စုံစမ်းထောက်လှမ်းနေသူတွေဖြစ်တယ်လို့ အသိပေးထားပါတယ်။
TNLA သိမ်းထားတဲ့ ကျောက်မဲနှင့် သီပေါမြို့တို့မှာ သတင်းရယူဖို့ စစ်ကောင်စီတပ်မှ စေလွှတ်ထားတဲ့ စရဖနဲ့ ထသတင်းပေး(ဒလန်) (၁၀)ဦး ကျော်ဖမ်းမိထားတာလို့ ဆိုပါတယ်။

Public Service Announcement
ဖမ်းမိသူတွေဟာ TNLA ရဲ့ ဂိတ်နေရာတွေ ဂိတ်ရှိ လူအင်အား လက်နက်အင်အား၊ ဌာနဆိုင်ရာအင်အားနဲ့ တပ်စခန်းနေရာ၊ လူစုလူဝေးများတဲ့နေရာတွေကို သတင်းရယူပြီး လေကြောင်း ပစ်ခတ်မှုတွေ လုပ်ဆောင်တဲ့အခါ ထိရောက်မှု ရှိမရှိ စုံစမ်းထောက်လှမ်းတဲ့သူတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ် လွယ်ကူစွာဝင်ရောက်နိုင်မယ့်လမ်းနဲ့ ထောက်ပို့လမ်းကြောင်းအခြေ အနေတွေကိုလည်း စရဖနဲ့ သတင်းပေးတွေက အဓိက ထောက်လှမ်း သတင်းပို့ခဲ့ကြတာလို့ ထုတ်ပြန်ပါတယ်။
စရဖနဲ့ ဒလန်တွေက သတင်းစုံစမ်းထောက်လှမ်းရာမှာ မြို့အတွင်းသို့ လမ်းလျှောက်၍ဖြစ်စေ၊ ဆိုင်ကယ်နဲ့ဖြစ်စေ၊ လိုင်းကားနဲ့ဖြစ်စေ၊ အိမ်ကားနဲ့ဖြစ်စေ၊ သူဌေးယောင်ဆောင်၍ ဖြစ်စေ၊ သူတောင်းစားယောင်ဆောင်၍ဖြစ်စေ၊ ခရီးသွားယောင်ဆောင်၍ ဖြစ်စေ ပုံစံ အမျိုးမျိုးနဲ့ ဝင်ရောက် သတင်းထောက်လှမ်းကြတာလို့ TNLAက ဖော်ထုတ်အသိပေးထားပါတယ်။
စရဖနဲ့ ဒလန်တွေအချင်းချင်း ဆက်သွယ်ရာမှာ လက်ဟန်အမူအရာ၊ လက်ဖက်ရည်ဆိုင်၊ လမ်းဘေးကွမ်းယာဆိုင်နဲ့ လူရှင်းတဲ့ နေရာတွေမှာ လူချင်းတွေ့ပြီး တဦးနဲ့ တဦးသတင်းပေးပြီး စစ်ကောင်စီတပ်ဆီကို အွန်းလိုင်းပလက်ဖောင်းတွေဖြစ်တဲ့ Viber၊Facebook၊ Wechat၊ Telegram တွေနဲ့ သတင်းပေးပို့ခဲ့ကြတာလို့ ဆိုပါတယ်။
အခုဖမ်းမိထားတဲ့သူတွေကို လုံခြုံစိတ်ချရတဲ့နေရာမှာ ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း ထုတ်ပြန်ခဲ့ပြီး ပြစ်မှုကျူးလွန်ကြောင်းထင်ရှားပေါ်လွင်ရင်တော့ တအာင်းပြည် ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ TNLAက အသိပေးထားပါတယ်။
စရဖနဲ့ သတင်းပေး ဒလန်ဖမ်းမိတာ၊ TNLAနယ်မြေအတွင်း စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး မေမြန်းဖို့ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံသို့ ဒီကနေ့ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရသေးပါဘူး။
စစ်ကောင်စီတပ်ဟာ TNLA သိမ်းပိုက်အုပ်ချုပ်ထားတဲ့ မြို့နယ်တွေမှာ စစ်ဘက်ရေးရာလုံခြုံရေးများစွာ စေလွှတ်ထားတယ်လို့လည်း TNLAက ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ TNLA ထိန်းချုပ်မြို့ရွာတွေကို ပြီးခဲ့တဲ့လပိုင်းအတွင်း လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တာ ဖြစ်ပြီး မိုးကုတ်၊ ကျောက်မဲ၊ သီပေါအပါအဝင် TNLA ထိန်းချုပ်မြို့နယ်တွေမှာ ပြည်သူလူထုထိခိုက်သေဆုံးမှုတွေအများအပြား ရှိခဲ့ပါတယ်။

















































