စက်တင်ဘာ-၂၅၊၂၀၂၅။ရောင်နီ/People’s Spring
ရန်ကုန်မြို့က သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေကို ဓာတ်ငွေ့ ပို့လွှတ်နေတဲ့ ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းက Compressor တွေ အရေးပေါ်ရပ်တန့်မှုဖြစ်တာကြောင့် စက်မှုဇုန်တွေ အပါအဝင် နေရာအချို့မှာ ဓာတ်အားပြတ်တောက်မှု ရှိနိုင်တယ်လို့ စက်တင်ဘာ ၂၅ ရက်မှာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း YESC Call Center က ထုတ်ပြန်ထားပါတယ်။
အထက်ပါဖြစ်စဉ်ကြောင့် ဓာတ်အားထုတ်လုပ် ပို့လွှတ်နိုင်မှု 400 MW ခန့်လျော့နည်းသွားတာဖြစ်ပြီး အရေးပေါ် ဝန်အားထိန်းညှိခြင်းတွေ အချိန်ပိုင်းဆောင်ရွက်ရမှာ ဖြစ်တာကြောင့် စက်မှုဇုန်တွေ အပါအဝင် နေရာအချို့မှာ ဓာတ်အားပြတ်တောက်မှုတွေဖြစ်နိုင်တယ်လို့ဆိုပါတယ်။
ရန်ကုန်မြို့မှာ နံနက် ၅နာရီကနေ ညနေ ၅နာရီအတွင်းကို လေးနားခြား အလှည့်ကျနဲ့ မီးပေးနေတာဖြစ်ပြီး ညဘက်တွေကိုတော့ မီးပေးနေတယ်လို့ သိရပါတယ်။

Public Service Announcement
ဒါပေမယ့် ဒီနေ့မှာတော့ လေးနာရီခြားအလှည့်ကျပေမယ့် မီးလာချိန် နှစ်နာရီလောက်ပဲရှိတယ်လို့ သာကေတမြို့နယ်မှာနေထိုင်သူတဦး ပြောပါတယ်။
” သာကေတ အုပ်စု ၂စုမှာ အုပ်စု A ဆို မီးပေးတယ်ကို မရှိဘူး။ အရင်ကလဲ အုပ်စု A ဆို မီးအရမ်းဖြတ်နေတာ အခုကျ ပိုဆိုးပြီးပေါ့။ မီးခဏ မြင်ရတောင် ကံကောင်းတယ်” လို့ ပြည်သူတဦးက မှတ်ချက်ရေးသားထားပါတယ်။


















































