Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

“မီး​တွေ ဆိုးဆိုးဝါးပြတ်​နေခြင်း​နောက်ကွယ်…”

မီးပြတ်လွန်း၍ ပြည်သူများပြင်းပြင်းထန်ထန်​ဝေဖန်​နေချိန်တွင်စစ်​ကောင်စီက ပြည်သူများအံသြသင့်​စေ​သောထုတ်ပြန်ချက်တစ်​​စောင့်ကိုထုတ်ပြန်လာသည်။ပြည်သူများထံမှဓါတ်အားပြန်ဝယ်လိုသည်ဟူ၍ပင်။

မီးပြတ်​နေတဲ့ ရန်ကုန် ည ။ဓါတ်ပုံ-AFP

ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာ ၊ ဟိုတယ်၊ နေအိမ် ၊စက်ရုံ၊အလုပ်ရုံ ခေါင်မိုးများတွင် တပ်ဆင်ထား​သောအသေးစား ဆိုလာစနစ်မှ ထွက်​သော ပိုလျှံဓာတ်အားကို ၁၀၀ ကီလိုဝပ်မှ ၁ မဂ္ဂါဝပ် အထိ ၈၅ ကျပ်နှုန်း ၊ ၁ မဂ္ဂါဝပ်မှ ၁၀ မဂ္ဂါဝပ်အထိ ၈၀ ကျပ်နှုန်းဝယ်မည်ဟု စစ်​ကောင်စီ၏ ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်း (YESC)က ဧပြီ ၂၁ ရက်တွင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ပြည်သူများအတွက် ပျက်လုံးတစ်ခုဖြစ်ခဲ့ပြီး YESC ​ဖေစ်ဘွခ်​ပေချ်တွင် ​ပေါက်ကွဲမှုပြင်းထန်​သောမှတ်ချက်များစွာ​ပေးပြီး​နောက် နာရီပိုင်းအကြာတွင် ပိုစ်ပြန်ဖြုတ်သွားသည်။

“ဒီ​နွေမှာ မီးကိုမ​မျှော်​တော့နဲ့ စစ်အုပ်စုကပြန်​တောင်ဝယ်ချင်​နေတာလို့ မျက်နှာ​ပြောင်​ပြောင်နဲ့ သတင်းစကား​ပေးချင်တာထင်တယ်”ဟု ရန်ကုန်မြို့က ပြည်သူတစ်ဦးကလည်းမှတ်ချက်ပြုသည်။

စစ်​ကောင်စီသည် ဓါတ်အားကိုသာ မှန်​အောင်မ​ပေးနိုင်​သောလည်း​ကြေညာချက်ထုတ်ခြင်း၊ ညွန်ကြားချက်ထုတ်ခြင်းကိုမူ အလျှံပယ်ထုတ်​နေသည်။ ဓါတ်အားဝယ်လိုသည် ​ကြေညာပြီး ၂ ရက်အကြာတွင် စီးပွား​ရေးလုပ်ငန်း ၊ စက်မှုလက်မှုလုပ်ငန်းများမှာ ည​နေ ၅ နာရီမှ မနက် ၅ နာရီအတွင်းဓါတ်အားမသုံးရဟုဆိုပြန်သည်။ဖောက်ဖျက်ကျူးလွန်သည်ကို စစ်ဆေးတွေ့ရှိပါက အုပ်ချုပ်မှုနည်းလမ်းအရ အရေးယူ ဆောင်ရွက်သွားမည်ဟုစစ်ကောင်စီ၏ YESCကဧပြီ ၂၃ ရက်တွင် ခြိမ်းခြောက်ပြန်သည်။

လူ​နေရပ်ကွက်များကိုမီးမ​ပေးဘဲ လမ်းများကိုမီးထိန်းညီး​အောင်​ပေးနေ​သောရန်ကုန်ည။ဓါတ်ပုံ-CJ
လူ​နေရပ်ကွက်များကိုမီးမ​ပေးဘဲ လမ်းများကိုမီးထိန်းညီး​အောင်​ပေးနေ​သောရန်ကုန်ည။ဓါတ်ပုံ-CJ

“အခုချိန်မှာ မီးပြတ်တာအပြင် ဒီဇယ်ဝယ်ရတာလည်း အရမ်းခက်တဲ့ အချိန်ဖြစ်နေတယ်။ ဒီလို လုပ်ရပ်ကြောင့် လုပ်ငန်းတွေရပ်နားဖို့ပဲကျန်တော့တယ်”ဟု ဖိနပ်ချုပ်လုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းရှင်တစ်ဦးကညီးတွားသည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲဆိုးကျိုး​ပေါင်းများစွာတွင်လျှပ်စစ်မီးပြတ်တောက်မှုလည်းတစ်ခုအပါအဝင်ဖြစ်သည်။ သို့​သော်အာဏာသိမ်းစစ်ကောင်စီက လျှပ်စစ်မီးပြတ်တောက်မှုကို ၎င်းတို့ ​ကြောင့်ဟုဝန်မခံဘဲ​တော်လှန်​ရေးအင်အားစုများကို လွှဲချ​လေ့ရှိသည်။

ဧပြီ ၁ ရက်တွင်စစ်ကောင်စီက လျှပ်စစ်မီးပြတ်တောက်ရခြင်း အကြောင်း ၃ ခုကို ထုတ်ပြန်ခဲ့သည်။နွေရာသီရောက်လာသဖြင့် ရေအားလျှပ်စစ်စက်ရုံများ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု လျော့ကျခြင်း၊ မဟာဓာတ်အားလိုင်းများကို​တော်လှန်​ရေးအင်အားစုများ(မူရင်းတွင် အကြမ်းသမားများဟုသုံးနှုန်းထား) အကြိမ်ကြိမ် ဖောက်ခွဲဖျက်ဆီးခံရခြင်းနှင့် ရန်ကုန်မြို့တွင် လျှပ်စစ်သုံးစွဲမှု ၂၅၀ မဂ္ဂါဝပ် တိုးလာခြင်းတို့ကြောင့်ဖြစ်သည်ဟုအ​ကြောင်းပြထားသည်။

သို့​သော်စစ်အုပ်စုကပြည်သူများအတွက်​ဒေါ်လာအကုန်မခံလိုဘဲ စစ်လက်နက်များဝယ်ယူရန်သာ​​ဒေါ်လာလိုချင်လွန်း​​သော စစ်အုပ်စုက ရပ်နားလိုက်​သေဓာတ်ငွေ့စီမံကိန်းများ၊ ရတနာကမ်းလွန်လုပ်ကွက်မှ ဓါတ်​ငွေ့များကို ​ရွေး​ကောက်ခံအစိုးရလက်ထက်ကကဲ့သို့ ပြည်တွင်းအတွက်မသုံးဘဲ အကုန်​ရောင်းစားလိုက်သည်ကိုမူ တစ်လုံးမျှမ​ဖော်ပြ​ပေ။

▪︎သိသူနည်းပါး​​သောဓါတ်အားထုတ်လုပ်မှု ၄၅ ရာခိုင်နှုန်း​ဝန်းကျင်လျော့ကျခြင်း

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို ရေအားလျှပ်စစ်မှ ၄၀ ရာခိုင်နှုန်း၊ နေရောင်ခြည်သုံး ဓာတ်အားပေးစက်ရုံများမှ ၁၄ ရာခိုင်နှုန်း၊ ပြည်တွင်းထုတ် သဘာဝဓာတ်ငွေ့မှ ၃၄ ရာခိုင်နှုန်းနှင့် LNG (သဘာဝဓာတ်ငွေ့)မှ၁၁ ရာခိုင်နှုန်း ထုတ်လုပ်နေခြင်းဖြစ်သည်ဟု ​ရွေး​ကောက်ခံအရပ်သားအစိုးရက ၂၀၂၁ ဇန်နဝါရီ ၁၅ ရက်တွင်စနစ်တကျ ထုတ်ပြန်ခဲ့သည်။

LNG ဓါတ်​ငွေ့ရည်မှ ဓါတ်အားထုတ်​သော သ​ဘော်ကြီး မြန်မာပြည်မှ ပြန်သွားစဥ်။ဓါတ်ပုံ-CETIC V Power
LNG ဓါတ်​ငွေ့ရည်မှ ဓါတ်အားထုတ်​သော သ​ဘော်ကြီး မြန်မာပြည်မှ ပြန်သွားစဥ်။ဓါတ်ပုံ-CETIC V Power

စစ်တပ်အာဏာသိမ်းပြီးနောက်တွင်စစ်တပ်က လက်နက်များဝယ်ယူရန်​ငွေတိုးသုံး​သော်လည်းပြည်သူများကိုမီး​ပေးရန်အတွက်မူ ​ဒေါ်လာမသုံးလိုသဖြင့် LNGစီမံကိန်းများ ရပ်နား​စေခဲ့သည်။ထိုအပြင်ပြည်တွင်းထုတ်သဘာဝဓာတ်ငွေ့များကို ပြည်တွင်း၌ မဖြန့်​ဝေဘဲ ပြည်ပသို့ထွက်သမျှအကုန်ရောင်းခဲ့ခြင်းကြောင့် နိုင်ငံအတွင်း လျှပ်စစ်ထုတ်လုပ်မှုသည် စုစုပေါင်း ၄၅ ရာခိုင်နှုန်းလျော့ကျသွား​ကြောင်းစွမ်းအင်ကျွမ်းကျင်သူများက​ပြောသည်။

မြင်သာ​လွန်းသောဆုတ်ယုတ်မှုမှာ မဂ္ဂါဝပ် ၇၅၀ ကျော်ထုတ်လုပ်နိုင်သည့်LNGဓာတ်ငွေ့ရည်မှ ဓါတ်အားထုတ်လုပ်နေသည့် စက်ရုံနှစ်ရုံအတွက် ​ငွေမသုံး​တော့ဘဲ ရပ်နားခဲ့ခြင်းပင်။ထို​ကြောင့်ဟောင်ကောင်အခြေစိုက် CNTIC V Powerအုပ်စုပိုင် LNG သင်္ဘောကြီးသည် မတ်လတွင်မြန်မာနိုင်ငံမှ အပြီးတိုင်ထွက်ခွာသွား​လေသည်။

LNG ဓါတ်​ငွေ့ရည်မှ ဓါတ်အားထုတ်​သော သ​ဘော်ကြီး မြန်မာပြည်မှ ပြန်သွားစဥ်။ဓါတ်ပုံ-CETIC V Power
LNG ဓါတ်​ငွေ့ရည်မှ ဓါတ်အားထုတ်​သော သ​ဘော်ကြီး မြန်မာပြည်မှ ပြန်သွားစဥ်။ဓါတ်ပုံ-CETIC V Power

▪︎သဘာဝဓါတ်​ငွေ့မှ ဓါတ်အားမရချိန် ​ရေအားလျှပ်စစ် ထုတ်လုပ်မှု​လျော့ကျသွားခြင်း

နွေရာသီတွင်ရေအားလျှပ်စစ်များထုတ်လုပ်မှုလျော့နည်းခြင်းမှာ နှစ်စဉ်ဖြစ်သော်လည်းစစ်ကောင်စီကကြိုတင်ပြင်ဆင်ခဲ့ခြင်းလုံးဝမရှိဟု စွမ်းအင်ပညာရှင်များက​ထောက်ပြသည်။ ယခုနှစ်ကဲ့သို့ပူပြင်း​ခြောက်​သွေ့​​ရေနည်းသောနှစ်တွင် ​ရေအားမှ ဓါတ်အားထုတ်လုပ်မှု​များစွာလျော့နည်းသည် ဖြစ်ရိုးဖြစ်စဥ်ဖြစ်သည်။ ပြသာနာမှာကြိုတင်ပြင်ဆင်ခြင်းမရှိ၍ ​ သဘာဝဓါတ်​ငွေ့မှဓါတ်အားထုတ်လုပ်မှုများစွာ​​လျော့နည်းသွားချိန်တွင် ​ရေအားလျှပ်စစ်ပါနည်းပါးသွား​သောအခါ တစ်နိုင်ငံလုံး မီးပိတ်သပိတ်ဆင်နွှဲ​နေသကဲ့သို့ ​မှောင်အတိကျသွားခြင်းဖြစ်သည်။

စစ်တပ်က အာဏာမသိမ်းခင်က တနိုင်ငံလုံးအတွက်လျှပ်စစ်ဓာတ်အားကို မဂ္ဂါဝပ် ၃၆၀၀ ကျော် နေ့စဉ်ထုတ်လုပ်ခဲ့သည်။ သို့သော်လည်း စစ်တပ်အာဏာသိမ်းပြီး တနှစ်အကြာတွင် မဂ္ဂါဝပ် ၂၁၀၀ ခန်သာထုတ်လုပ်ကြောင်း စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ပြည်သူများ၏ဝေဖန်ထောက်ပြမှုများကြောင့် စစ်အုပ်စုကဓာတ်အား ထုတ်လုပ်သည့် ပမာဏကို ၂၀၂၂ ခုနှစ်ဇန်နဝါရီလပိုင်းနောက်ပိုင်း ထုတ်ပြန်ခြင်းမရှိတော့ပေ။

ထိုအပြင်မီးကို​ပေးနိုင်သည့်ပမာဏထက်ပင်​​လျော့​ပေး၍ ပြည်သူများ မီးပျက်မှု​နောက်ဆက်တွဲလူမှု​ရေး ၊ကျန်းမာ​ရေး၊စီးပွား​ရေးစ​သော ပြသာနာများကြုံရပြီး​​​တော်လှန်​ရေးအတွက်အာရုံမရာက်​အောင်လုပ်ခြင်းဟု ပြည်သူအချို့က​သုံးသပ်သည်။

သို့​​သော် တစ်ဖက်တွင်PDF များ၊​တော်လှန်​ရေးအင်အားစုများ​က ဓါတ်အားလိုင်းများ ၊ ဓါတ်အားခွဲရုံအချို့ကို မိုင်းခွဲ၍ မီးပြတ်ရပါသာ်ဆို​​သောသတင်းများကို စစ်ကာင်စီ ဝါဒဖြန့် မီဒီယာများမှထုတ်ပြန်၍ ပြည်သူနှင့်​တော်လှန်​ရေးအင်အားစုများကို​သွေးခွဲရန်ကြိုးပမ်း​နေခြင်းဖြစ်​ကြောင်း ပြည်သူအချို့က​ပြောသည်။

ဥပမာတစ်ခုမှာ ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်ရှိ သာယာကုန်းပင်မဓာတ်အားခွဲကို ကာကွယ်ရေးတပ်များက ဧပြီ ၄ ရက်က ဒရုန်းဖြင့် ဗုံး ၁၀လုံးချ တိုက်ခိုက်ခဲ့သဖြင့် တနိုင်ငံလုံး လျှပ်စစ်မီးပြတ်တောက်ခဲ့ရသည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။သာယာကုန်းဓာတ်အားခွဲရုံ ချို့ယွင်းမှုကြောင့် နိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်းအပါအဝင် နိုင်ငံတောင်ပိုင်းကို ဓာတ်အားဖြန့်ဖြူးနိုင်ခြင်းမရှိကြောင်း စစ်ကောင်စီကဝါဒဖြန့်ခဲ့သည်။

စစ်ကောင်စီ၏ ထိုအကြောင်းပြချက်ကို စွမ်းအင်ပညာရှင်များက မဖြစ်နိုင်သည့် အကြောင်းပြချက်ဟုသုံးသပ်သည်။ အဘယ်ကြောင့်ဆိုသော် ဓာတ်အားခွဲရုံတစ်ခုချို့ယွင်းချက်မှာ နိုင်ငံအနှံဓာတ်အားပေးစနစ်တလုံးကို မထိခိုက်နိုင်ခြင်းကြောင့်ဖြစ်သည်ဟုစွမ်းအင်ပညာရှင်တစ်ဦးကရှင်းပြသည်။

ဓါတ်အားလိုင်းများ၊​ဓါတ်အားခွဲရုံများအမှန်တစ်ကယ် တိုက်ခိုက်ခံရပါကလည်း အဆိုပါလိုင်း ၊ အဆိုပါဓါတ်အားခွဲရုံနှင့်ဆက်စပ်​သော​​ဒေသများတွင်သာ မပြုပြင်ရ​သေးခင် မီးပြတ်​တောက်မည်ဖြစ်ပြီး ယခုကဲသို့နိုင်ငံလုံးချီ မီးပြတ်​တောက်မှုနှင့် မသက်ဆိုင်​ကြောင်း၎င်းကဆက်​ပြောသည်။

ထိုအပြင် စွမ်းအင်ဆိုင်ရာပညာရှင် တစ်ဦးကလည်း“နွေရာသီမှ လျှပ်စစ်မီးပိုလိုအပ်တော့မယ်ဆိုတာ သိရဲ့သားနဲ့ ကြိုတင်မပြင်ဆင်ခဲ့တာ။ သူတို့မှာ ပြည်သူအပေါ် စေတနာမရှိတာ သိသာပါတယ်။ တာဝါတိုင်တွေ မိုင်းမခွဲခံရလည်း သူတို့က လျှပ်စစ်မီးမပေးနိုင်တာ သေချာတယ်”ဟုပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှု ဝန်ကြီးဌာနကလည်း စစ်အုပ်စုသည် ပြည်သူများအတွက် နိုင်ငံခြားငွေအသုံးပြု၍ ဆောင်ရွက်ရန် စေတနာရှိမကြောင်းနှင့် နိုင်ငံခြားငွေများကို လက်နက်အတွက်သာအသုံးပြုလိမ့်မည်ဟုမှတ်ချက်ပေးထားသည်။

ရန်ကုန်တွင်ညအချိန်တွင် လူ​နေရပ်ကွက်များကို မီးဖြတ်ပြီး ပြည်သူမရှိဘဲစစ်​ကောင်စီတပ်ဖွဲ့ဝင်များသာ ရှိ​သောလမ်းများကိုသာမီးထိန်းထိန်းလင်း​အောင်းမီး​ပေး​နေခြင်းမှာ စစ်အုပ်စုက မီးကိုတမင်ဖြတ်​နေ​ကြောင်း မြင်သာ​စေသည်။

▪︎မီး​ပေရန်​ငွေမသုံး​သော်လည်းစစ်စာရိတ်စံချိန်တင်တိုးသုံး

လက်​တွေ့တွင်လည်း စစ်အုပ်စုသည် ​နေစဥ် နိုင်ငံတစ်ဝန်းပြည်သူများကို သတ်ဖြတ်​နေ​သောလက်နက်အတွက်သာ​ငွေပိုသုံးလာသည်။ ​ရွေး​ကောက်ခံအရပ်သားအစိုးရသည် စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် ကာကွယ်ရေးစရိတ်ကို ကျပ် ဘီလီယံ ၃၄၁၄ အသုံးပြုခဲ့ပြီး လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍအတွက် ကျပ်ငွေ ဘီလီယံ ၇၈၇၀ အထိ့အသုံးပြုခဲ့သည်။ စစ်အုပ်စုက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တွင်ကာကွယ်ရေးစရိတ်ကို ကျပ် ဘီလီယံ ၅၆၀၀ အထိ တိုးမြှင့်သုံးမည်ဟုထုတ်ပြန်ထားသည်။

မီး​ပေးရန် ​ငွေ​လျှော့သုံး​နေချိန်တွင် စစ်​ကောင်စီက လက်နက်ခဲယမ်းဝယ်ယူရန်ကာကွယ်​ရေးအသုံးစာရိတ်စံချိန်တင်တိုးသုံးလာသည်။အင်ဖိုဂရပ် -People's Spring
မီး​ပေးရန် ​ငွေ​လျှော့သုံး​နေချိန်တွင် စစ်​ကောင်စီက လက်နက်ခဲယမ်းဝယ်ယူရန်ကာကွယ်​ရေးအသုံးစာရိတ်စံချိန်တင်တိုးသုံးလာသည်။အင်ဖိုဂရပ် -People’s Spring

အာဏာသိမ်း​ခေါင်း​ဆောင်က နြူကလီးယား လျှပ်စစ်၊နေရောင်ခြည်သုံးလျှပ်စစ်၊ လေအားလျှပ်စစ်၊ ကျောက်မီးသွေးသုံးလျှပ်စစ်စသည့်စီမံကိန်းများစသဖြင့်မျိုးစုံ​အောင်​ပြော၍ ပါးစပ်ဖြင့် ဓါတ်အားထုတ်​နေ​သော်လည်း အမြဲ မီးမှန်​နေ​သော ​နေပြည်​တော်မှာပင် အလှည့်ကျ​မီးပြတ်​နေပြီဖြစ်၏ ။

“စွမ်းအင်စီမံကိန်းဆိုတခုဆိုတာဖြစ်လာဖို့အချိန်ယူလေ့လာရတယ်။ ကမ္ဘာ့ဈေးကွက်၊ ပြည်တွင်းသုံးနိုင်စွမ်းအားကို ချင့်ချိန်ရတာ။ အခုက သူတို့က လေကြီးနေတာ လက်တွေ့ဖြစ်လာဖို့က သူတို့မှာ ငွေကြေးအရင်းအမြစ်ကော၊ လူစွမ်းအား အရင်းအမြစ်ကော အလွန်ရှားနေပါတယ်”ဟု စွမ်းအင်လုပ်ငန်းဆိုင်ရာအကြံပေးတစ်ဦးကပြောသည်။

လျှပ်စစ်မီးပျက်တောက်ခြင်းကြောင့် ​ကျေးလက်​နေပြည်သူများထက် မြို့ပြနေလူတန်းစားမှာအထိခိုက်ဆုံးဖြစ်လာသည်။ ​

“သာမန်လူနေမှုပုံစံမဟုတ်တော့ဘူး။ မီးလာတဲ့အချိန်မှ ရေတင်၊ ဖုန်းအားသွင်းတာတွေကို အချိန်ယူလုပ်ရတော့ပုံမှန်လုပ်နေရတဲ့အလုပ်တွေ မလုပ်ရတော့ဘူး။ ချက်ပြုတ်ရမယ့် အချိန်လည်း မချက်ရဘူး။ ”ဟု သာကေတမြို့နယ်မှပြည်သူတစ်ဦးကလည်းအ​တွေ့အကြုံကိုပြောသည်။

ပူးပြင်းလှ​သော​နွေရာသီတွင် မီးကပြတ်လွန်းသဖြင့် က​လေးငယ်များ ၊သက်ကြီးရွယ်အိုများ ၊မကျန်းမာသူများမှာ မီးပြတ်မှု​ဒုက္ခပိုခံစားကြရသည်။ မီးပြတ်သဖြင့်​ကောင်းစွာမအိပ်နိုင်ဘဲ အပူရှပ်ခြင်း ၊အိပ်​ရေးပျက်ခြင်းတို့မှ မကျန်းမာသူများလာသည်။ တချို့က​လေးငယ်များမှာ မီးပြတ်ချိန်ပူလွန်းသဖြင့် မအိပ်နိုင်၍ ကားရှိ​သောမိဘအချို့မှာ ကားစက်နှိူး၍ က​လေးသိပ်​နေရ​ကြောင်းလည်းရန်ကုန်မြို့မှပြည်သူအချို့က​ပြောသည်။မီးပြတ်ချိန်မီးစက်နှိူးရပါကလည်း စက်သုံးဆီ​ဈေးကြီးလှသဖြင့် ကုန်ကျစာရိတ်များလွန်းသဖြင့် တက်နိုင်သူနည်းလှ​​​ကြောင်းလည်းပြည်သူများ​ပြောသည်။

▪︎မီးပြတ်ခြင်းမှာလည်း နိုင်ငံ​ရေးပြသာနာဖြစ်

ပြည်သူအားလုံးကြုံတွေ့နေရသည့် လျှပ်စစ်မီးပြဿနာဖြေရှင်းရန် တော်လှန်ရေးတွင်ပါဝင်မှသာဖြေရှင်းနိုင်မည်ဖြစ်​ကြောင်းဆန္ဒပြ​ခေါင်း​ဆောင်အချို့က​ပြောသည်။

“အခုချိန်မှာ အနီပဲဖြစ်ဖြစ် အစိမ်းပဲဖြစ်ဖြစ်၊ မဘသပဲဖြစ်ဖြစ် အကြမ်းဖက်စစ်တပ်ကိုထောက် ခံတဲ့ လူတွေပဲဖြစ်ဖြစ် အားလုံးအတူတူခံနေရတာကတော့ လူထုတစ်ရပ်လုံးရဲ့ အခြေခံလိုအပ်ချက် ဖြစ်တဲ့ လျှပ်စစ်မီးဖြစ်ပါတယ်။တစ်ချို့မြို့တွေဆို ၂၄ နာရီမှာ ၁နာရီပဲလာကြတယ်။ အဲဒီတော့ အဓမ္မမှုကို ထောက်ခံခံ၊ မထောက်ခံခံအားလုံးတူညီတဲ့ အဖြေတစ်ခုရတယ်။ အဲဒါက ဆိုးကျိုးပဲ။အဲဒီ ဆိုးကျိုးတွေကို တိုက်ထုတ်နိုင်ဖို့ လျှပ်စစ်မီးမှန်မှန်ရဖို့က တော်လှန်ရေးမှာပါဝင်ဖို့ဆိုတဲ့ အဖြေတစ်ခုပဲဖြစ်တယ်”ဟုရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်းဥက္ကဌကပြတ်သားစွာပြောသည်။

စွမ်းအင်ပညာရှင်များကလည်း မြန်မာနိုင်ငံ၏ လျှပ်စစ်မီးပြတ်တောက်ရခြင်းသည့် စွမ်းအင်ပြသနာမဟုတ်ဘဲ နည်းပညာအရ စွမ်းအင်ပညာရှင်များ အဖြေရှာ၍ ရမည်မဟုတ်ကြောင်း၊ စစ်တပ်အာဏာသိမ်းမှုပြီးနောက် နိုင်ငံရေးအကျပ်အတည်းကြောင့် ဖြစ်လာသည့် ပြသနာဖြစ်သည်ဟု သုံးသပ်ကြသည်။

“ဒီနိုင်ငံမှာ စွမ်းအင် မလုံခြုံမှုပြသနာဖြစ်နေတာ။ ဒါကနိုင်ငံရေးကြောင့်ဖြစ်လာတာ။ လျှပ်စစ်မီးပုံမှန်ရဖို့ဆိုတာ စစ်တပ်အာဏာသိမ်းတာ အဆုံးသတ်မှပဲရမယ်”ဟု စွမ်းအင်ပညာရှင်တစ်ဦးမှတ်ချက်ပေးပါသည်။ ။

ဆက်စပ်သတင်းများ

သတင်း

မေလ ၂၃ ရက်ညက ဗျူဟာသည် လျှပ်စစ်မီးမမှန်သည့်အပေါ် Live လွှင့်၍ ‌ဝေဖန်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင်နှင့် လျှပ်စစ်ဝန်ကြီးကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်ဟုဆိုကာ မေလ ၂၅ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

သတင်း

လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်မှုနှင့် ရင် ဆိုင်နေရခြင်းနှင့်အတူ တစ်နိုင်တစ်ပိုင် အိမ်သုံးဓာတ်အားပေး တပ်ဆင်မှုများမှာလည်း နှစ်ဆခန့်စျေးမြင့်တက်နေသည်ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦးက အသိပေးသည်။

သတင်း

ဖောက်ဖျက်ကျူးလွန်မှုကို စစ်ဆေးတွေ့ရှိပါက အုပ်ချုပ်မှုနည်းလမ်းအရ အရေးယူဆောင်ရွက်သွားမည်ဟုလည်း စစ်ကောင်စီ၏ YESCက ခြိမ်းခြောက်ထားသည်။

သတင်း

စီးပွားရေးနှင့်ပတ်သတ်ပြီးမှန်ကန်တိကျသည့်သတင်းအချက်အလက်များမရရှိမှုနှင့် ဗီဇာသက်တမ်းကိစ္စအခက်အခဲများသည်လည်းအာဏာသိမ်းစစ်ကောင်စီလက်ထက်တွင်ပိုမိုအခက်အခဲဖြစ်လာနေသည်ဟု ဥရောပကုန်သည်ကြီးများအသင်းကဆိုသည်။