Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့နဲ့ (၈)မိုင်ခန့်အကွာမှာ တိုက်ပွဲပြင်းထန်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နဲ့ (၈)မိုင်ခန့်အကွာက စခန်းသာကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်(TNLA)တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က Y12နဲ့ ဆက်တိုက်ဗုံးကြဲနေလို့ မြို့ပေါ်က ဒေသခံတွေ ဘေးလွတ်ရာအမြန်ရှောင်ကြဖို့ လူမှုရေးအဖွဲ့တွေက တိုက်တွန်းနေကြပါတယ်။

ကျောက်မဲမြို့အနီးမှာလက်နက်ကြီးပြင်ဆင်နေသော TNLA တပ်ဖွဲ့ဝင်နှစ်ဦး။ ဓာတ်ပုံ - AFP

စစ်ကောင်စီ လေကြောင်းအပြင်းအထန်တိုက်ခိုက်နေလို့ မြို့ခံတွေဘေးလွတ်ရာရှောင်ကြဖို့ လူမှုရေးအဖွဲ့တွေက တိုက်တွန်း

စက်တင်ဘာ−၂၆၊၂၀၂၅။ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နဲ့ (၈)မိုင်ခန့်အကွာက စခန်းသာကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်(TNLA)တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က Y12နဲ့ ဆက်တိုက်ဗုံးကြဲနေလို့ မြို့ပေါ်က ဒေသခံတွေ ဘေးလွတ်ရာအမြန်ရှောင်ကြဖို့ လူမှုရေးအဖွဲ့တွေက တိုက်တွန်းနေကြပါတယ်။

စခန်းသာရွာကိုစစ်ကောင်စီတပ်ကစက်တင်ဘာ၂၅ ရက် မနက်နှင့် ညနေပိုင်းကစ၍ Y12 နဲ့ဗုံး အလုံး ၇၀ကျော်ကြဲချခဲ့ပြီး နောက်ထပ်ဆက် ဗုံးကြဲနိုင်ခြေရှိတယ်လို့ ကျောက်မဲမြို့ခံ အချို့ကပြောပါတယ်။

Public Service Announcement

Public Service Announcement

” စစ်တပ်ရဲ့မြေပြင်စစ်ကြောင်းက ရှေ့ကိုတိုးလာတယ်။ စစ်ကြောင်းတက်လာတဲ့ လမ်းကရွာတွေကိုလည်း ဝင်တယ်။ ရွာမှာကျန်နေခဲ့တဲ့သူတွေအတွက် အန္တရာယ်အရမ်းကြီးတယ်။ ကျတော်တို့လည်း မနက်ကအထိ နေသေးတယ်။ နေ့ခင်းကမှ ထွက်လာရတယ်”လို့ ကျောက်မဲမြို့ခံတဦးက ပြောပါတယ်။

စက်တင်ဘာ၂၄ရက်မှာနားအိုက်ခန့်ရွာကိုစစ်တပ်ကစစ်ကြောင်းထိုးပြီး ကျေးရွာအနီး တောင်ယာတဲမှာစစ်ဘေးရှောင်နေတဲ့ သံဃာတော်တစ်ပါးအပါအဝင် မိသားစုသုံးဦးကို သေနတ်နဲ့ပစ်သတ်ခဲ့ပြီး အဲဒီမိသားစုကမိန်းကလေးငယ်တစ်ဦးဟာ အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံသတင်း ရင်းမြစ်က ပြောပါတယ်။

“ကြားကြားချင်း ဒေါသထွက်တာအရမ်းပဲ။ စစ်ကြောင်းကို ပေါ့မတွက်နဲ့။ ဆေးကြောင်ပြီး တိုက်နေတာလို့ ကျတော်တို့ သိထားတယ်” လို့ အထက်ပါ သတင်းမြစ်က ပြောပါတယ်။

စက်တင်ဘာ ၂၅ ရက်​နွေလေကြောင်းတိုက်ခိုက်မှုမှာ ထိခိုက်ပျက်စီးမှုတွေကို မသိရသေးပါဘူး။

ပြီးခဲ့တဲ့ဇူလိုင်လမှာ နောင်ချိုမြို့ကိုပြန်လည်သိမ်းယူပြီးတဲ့နောက် သြဂုတ် ၁၉ရက်ကစပြီး ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ကို စစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်လာပြီးနောက် TNLA၊PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲစတင်ဖြစ်ခဲ့တာပါ။ကျောက်မဲမြို့ကိုအချိန်တိုအတွင်း ပြန်သိမ်းမယ်လို့ စစ်တပ်ဝါဒဖြန့် လူမှုယွန်ယက်တွေက ကြုံးဝါးခဲ့ပေမယ့် တစ်လကျော်ကြာအထိ စစ်ကြောင်းရှေ့မတိုးနိုင်ဖြစ်ခဲ့ပြီးတဲ့နောက် ဒီစစ်
ဆင်ရေးနဲ့ပတ်သက်ပြီးတာဝန်အရှိဆုံးဖြစ်တဲ့ ကစထ-၂ မှူးဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကို စစ်ကောင်စီက ရာထူးကဖြုတ်ချပြီး အရန်အင်အားကိုပို့ဆောင်လိုက်ပါတယ်။

သူ့နေရာမှာ ကစထ-၅ မှူး ဒုတိယဗိုလ်ချုပ်ကြီးဇော်မင်းလတ်နဲ့ အစားထိုးလိုက်ပါတယ်။ ကျောက်မဲမြို့ကိုပြန်လည်ရရှိရေးအတွက် အင်အားသုံးပြီးထိုးစစ်ဆင်လာနိုင်လို့ မြို့မှာကျန်နေတဲ့ပြည်သူတွေအနေနဲ့ဘေးလွတ်ရာကိုအမြန်ရှောင်ကြဖို့ ရှမ်းမြောက်ကလူမှုရေးအဖွဲ့တွေက တိုက်တွန်းနေကြပါတယ်။

ကျောက်မဲမြို့နယ်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုတွေများနေတယ်လို့ ပြင်ဦးလွင်မြို့ခံတဦးက ပြောပါတယ်။

” တနေ့က အသိတယောက်နာရေးသွားတာ။ သူတို့တပ်က လာချတဲ့အလောင်းတွေ ၅လောင်းလောက်ရှိတယ်။ အရာရှိတဦးပါတယ်။ အဲဒါတွေက ကျောက်မဲတိုက်ပွဲမှာ သေတာလို့ ပြောတယ်”လို့ ၎င်းက ပြောပါတယ်။

ကျောက်မဲမြို့နယ်ထဲကစစ်ဘေးရှောင်ပြည်သူတွေဟာ လားရှိုးနဲ့သီပေါ မြို့မှာ အများအပြား တိမ်း ရှောင်နေကြရပါတယ်။ 

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။