Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့နဲ့ ၅ မိုင်ခန့်အကွာထိ စစ်တပ်စစ်ကြောင်းတွေ ရောက်လာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နဲ့ (၈)မိုင်ခန့်အကွာမှာရှိတဲ့ စခန်းသာကျေးရွာက တအာင်းတပ်မတော်(TNLA)တပ်စခန်းကို စစ်တပ်က သိမ်းပိုက်ရလိုက်ပြီး တိုက်ပွဲဟာ မြို့နဲ့ (၅)မိုင်ခန့်အကွာအထိ ရောက်လာပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

စက်တင်ဘာ ၂၇ ရက်က ကျောက်မဲမြို့နယ် ပန်သ​ပြေရွာရှိ ဘုန်းကြီးကျောင်းနဲ့ ဓမ္မရုံ​တွေကိုစစ်တပ်ကဗုံးကြဲပြီး​နောက် တွေ့ရစဉ်။ ဓါတ်ပုံ-CJ

စက်တင်ဘာ−၂၈၊၂၀၂၅။ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နဲ့ (၈)မိုင်ခန့်အကွာမှာရှိတဲ့ စခန်းသာကျေးရွာက တအာင်းတပ်မတော်(TNLA)တပ်စခန်းကို စစ်တပ်က သိမ်းပိုက်ရလိုက်ပြီး တိုက်ပွဲဟာ မြို့နဲ့ (၅)မိုင်ခန့်အကွာအထိ ရောက်လာပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

“စခန်းသာကိုစစ်တပ်ကယူသွားပါပြီ။စစ်ကြောင်းရှေ့ကိုမတိုးလာဘဲကျောက်မဲမြို့ထဲကိုလေကြောင်းတို့ လက်နက်ကြီးတို့တဲ့ ပစ်မှာသေချာတယ်။ လူထုမနေရဲအောင် သူတို့ လုပ်မှာပါ။ ‌တော်တော်လေး အကြပ်ရိုက်နေပါတယ်”လို့ လက်ရှိအချိန်အထိ ကျောက်မဲမြို့အနီးမှာရှိနေတဲ့ ဒေသခံတဦးက ပြောပါတယ်။

စခန်းသာရွာကို စစ်တပ်က မြေပြင်စစ်ကြောင်းကနေတိုက်တာမဟုတ်ဘဲလေကြောင်းကနေဗုံးကြဲပြီးမှစစ်ကြောင်းတွေဝင်လာတာလို့သိရပါတယ်။ စက်တင်ဘာ၂၅ ရက် တနေ့တည်းမှာ Y12နဲ့ဗုံး အလုံး၇၀ကျော်ကြဲချခဲ့ပြီး စက်တင်ဘာ ၂၆ ရက်နဲ့ ၂၇ရက်မှာလည်း ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်စစ်ကြောင်းတွေဟာ ကျောက်မဲမြို့နဲ့ (၅)မိုင်ခန့်အကွာကိုရောက်လာတာ​ကြောင့်လက်ရှိအချိန်အထိမြို့ထဲမှာရှိနေသူတွေအနေနဲ့ လုံးဝမလုံခြုံတော့ဘူးလို့ မန္တလေးမြို့ကိုရောက်ရှိနေတဲ့ စစ်ဘေးရှောင်တဦးက ပြောပါတယ်။

“ဘာနေနေ မြို့ကို ပြန်ထိန်းနိုင်ဖို့သူတို့(စစ်တပ်)လုပ်နိုင်သမျှ လုပ်မှာ။ မြို့ထဲမှာရှိနေတဲ့အရပ်သားကိုလည်း TNLA၊PDF ဆိုပြီး ခေါင်းဆင်တပ်မှာ။ အဲ့ဒါက သေချာတယ်။ ကျတော်တို့ လက်တွေ့ပဲ”လို့ ၎င်းကပြောပါတယ်။

စစ်တပ်ဟာ ကျောက်မဲမြို့ဆီကို အင်အား ၅၀၀လောက်နဲ့ စစ်ကြောင်းထိုးနေလာနေတာလို့ တအာင်းတပ်မတော်(TNLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက စက်တင်ဘာ ၂၆ရက်မှာ လူထုနွေဦးကို ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိပြီး စစ်ကောင်စီဘက်က ထိခိုက်တာမျိုးတွေပိုရှိတယ်လို့လည်း ဆိုပါတယ်။

လက်တလောမှာ ကျောက်မဲမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ကျောက်မဲမြို့နယ်က​ဒေသခံအများစုဟာ နီးစပ်ရာဒေသတွေမှာ သွားရောက်တိမ်းရှောင်နေကြတယ်လို့လည်း လွေးယေဦးက ပြောပါတယ်။

” တချို့ကတော့ ဆက်ရှိနေပါသေးတယ်။ လူထုကမြို့ပေါ်မှာလည်း ဆက်ရှိနေတာမျိုးတွေရှိပါတယ်။ အဓိကကတော့ လောလောဆယ်ကတော့ လေကြောင်းကိုပဲ သတိထားပြီးတော့မှ စောင့်ကြည့်ရမယ့်အနေအထားမျိုးရှိတယ်။ ကျန်တဲ့အပိုင်းကတော့ လက်ရှိမှာ‌တော့ ကျွန်မတို့ထိန်းချုပ်နိုင်ဆဲ ဖြစ်ပါတယ်”လို့ သူကစက်တင်ဘာ ၂၆ ရက်​နေ့မှာ ဆက်ပြောပါတယ်။

စစ်ကောင်စီဟာ ကျောက်မဲမြို့ကို လေကြောင်းကနေအပြင်းအထန်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းရန်နဲ့ လုံခြုံရေးသတိထားကြဖို့လည်း တိုက်တွန်းပါတယ်။

“အထူးသဖြင့် တိုက်ပွဲကတော့ မြို့နဲ့ နီးစပ်လာသည်နဲ့အမျှ စစ်ကောင်စီသည် ဒီမြို့ကိုပဲ အဓိကတော့ ပစ်မှတ်ထား တိုက်ခိုက်လာနိုင်တဲ့ အခြေအနေဖြစ်တဲ့ အတွက်ကြောင့် လုံခြုံရေးကို အမြဲသတိရှိဖို့လိုတယ်။ ကာကွယ်ရေးလမ်းညွှန်တွေကို လိုက်နာဖို့လိုအပ်ပါတယ်”လို့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြောပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းတွေဝင်လာတဲ့ နောင်ပိန်ရွာနဲ့ကျောက်မဲမြို့ကြားမှာ ရှမ်းရွာနဲ့ပလောင်ရွာတွေရှိပါတယ်။ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ SSPPထိန်းချုပ်ထားတဲ့ ရှမ်းရွာတွေက အိမ်တွေမှာ ရှမ်းအလံထောင်ထားရင် ရန်သူလို့မသတ်မှတ်ဘူးလို့ စစ်ကောင်စီကသတင်းလွင့်ပြီးစစ်ကြောင်းတွေဝင်လာပေမယ့် ဒေသခံတွေဟာ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရတယ်လို့ စစ်ဘေးရှောင်တွေကပြောပါတယ်။။

စက်တင်ဘာလ၂၄ရက်ကနားအိုက်ခန့်ရွာကို စစ်တပ်ကစစ်ကြောင်းထိုးပြီး ရွာအနီး တောင် ယာတဲမှာ စစ်ဘေးရှောင်နေတဲ့ သံဃာတော်တစ်ပါးအပါအဝင် မိသားစုသုံးယောက်ကို သေနတ်နဲ့ပစ်သတ်ခဲ့ပြီး အဲဒီမိသားစုက မိန်းကလေးငယ်တဦးဟာ အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံသတင်း ရင်းမြစ်တွေက ပြောပါတယ်။

ကျောက်မဲမြို့နဲ့ ပတ်ဝန်းကျင်ရွာတွေက စစ်ရှောင်တွေဟာ သီပေါနဲ့ လားရှိုးမြို့မှာ အများဆုံး တိမ်းရှောင်နေကြပြီး အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။

ကျောက်မဲမြို့ကို TNLAက ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ၂၀၂၄ သြဂုတ်လမှာ သိမ်းယူခဲ့တာပါ။ပြီးခဲ့တဲ့ဇူလိုင်လမှာ နောင်ချိုမြို့ကိုပြန်လည်သိမ်းယူပြီးတဲ့နောက် သြဂုတ်၁၉ရက်ကစပြီး ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ကို စစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်လာပြီးနောက် TNLA၊PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ​​တွေဆက်တိုက်ဖြစ်ခဲ့တာပါ။

ကျောက်မဲမြို့ကိုအချိန်တို့အတွင်းပြန်သိမ်းမယ်လို့ စစ်ကောင်စီဝါဒဖြန့်ချီ ရေးသမားတွေက ကြုံးဝါးခဲ့ပေမယ့် တလကျော်ကြာအထိ စစ်ကြောင်း ရှေ့မတိုးနိုင်ဖြစ်ခဲ့ပြီးတဲ့နောက် ဒီစစ်ဆင်ရေးနဲ့ပတ်သက်ပြီးတာဝန်အရှိဆုံးဖြစ်တဲ့ ကစထ-၂ မှူးဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကို စက်တင်ဘာလ တတိယလပတ်ထဲမှာ စစ်ကောင်စီက ရာထူးကဖြုတ်ချပြီး အရန်အင်အားကိုပို့ဆောင်လိုက်ပါတယ်။သူ့နေရာမှာ ကစထ-၅ မှူး ဒုတိယဗိုလ်ချုပ်ကြီးဇော်မင်းလတ်နဲ့ အစားထိုးလိုက်ပါတယ်။ အဲ့ဒီနောက်ပိုင်း လေကြောင်းကနေဗုံးအဆက်မပြတ်ကြဲပြီး မြေပြင်စစ်ကြောင်းတွေရှေ့ကိုတိုးလာတာလို့ သိရပါတယ်။

စက်တင်ဘာ၂၇ရက်ကလည်း ကျောက်မဲမြို့ ပန်သပြေရွာက ဘုန်းကြီးကျောင်းဆောင်နဲ့ ဓမ္မာရုံ‌တွေကို စစ်ကောင်စီက ဗုံးကြဲလို့ အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။ လေကြောင်းအန္တရာယ်၊လက်နက်ကြီးအန္တရာယ်နဲ့ စစ်ရေးအခြေအနေတွေကိုသတိပြုဖို့ TNLAက မကြာခဏ သတိပေးနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲမှာစစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်(TNLA)တို့ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ရှောင်နေရတဲ့ ကျေးရွာ အရေအတွက် ၃၀ ကျော် ထိ ရှိလာတယ်လို့ ကျောက်မဲမြို့အခြေစိုက်လူမှုကူညီရေးအဖွဲ့တွေထံကနေ သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နဲ့ (၈)မိုင်ခန့်အကွာက စခန်းသာကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်(TNLA)တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က Y12နဲ့ ဆက်တိုက်ဗုံးကြဲနေလို့ မြို့ပေါ်က ဒေသခံတွေ ဘေးလွတ်ရာအမြန်ရှောင်ကြဖို့ လူမှုရေးအဖွဲ့တွေက တိုက်တွန်းနေကြပါတယ်။

သတင်း

ရှမ်းပြည်နယ်​မြောက်ပိုင်းက ​ကျောက်မဲမြို့ကိုစစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဟာ​နောင်ပိန်က​နေ ရှေ့ဆက်မတိုးနိုင်ဘဲ TNLA ပူးပေါင်းတပ်များ က ပိတ်ဆို့တိုက်ခိုက်နေတာ​ကြောင့်တိုက်ပွဲပြင်းထန်​နေပြီး စစ်တပ်ကကျောက်မဲမြို့ကို လေကြောင်းမှ မကြာခဏဗုံးကြဲနေသည်။

သတင်း

ရှမ်းပြည်အရှေ့ပိုင်းမိုင်း‌‌ယောင်းမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် RCSS ယမန်နေ့က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၄ဦး သေဆုံးခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။